အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့်စီးပွားရေးမြင့်တက်လာရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်ကာလများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုများရှိခဲ့သည်။ ထို့နောက် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများများစွာရှိခဲ့ပြီး ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်မှုပျက်ယွင်းကာ နိုင်ငံ့စီးပွားရေးပြိုလဲသွားစေလိုသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျက်ရှိသည့် ပြည်တွင်း/ပြည်ပ အနှောင့်အယှက်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ ထို့ကြောင့် ယခင်နှစ်ကာလများက စီးပွားရေးများလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အရင်းအနှီးထုတ်ပေးရေးအတွက် အခက်အခဲများရှိခဲ့သည်။ တစ်ဦးတစ်ယောက် အဆင်ပြေစေရေးအတွက် သုံးစွဲရန်ငွေကြေးထုတ်ပေးခြင်းထက် အလုပ်လုပ်ကိုင်ရန် ရင်းနှီးငွေထုတ်ပေးခြင်းသည် ထိရောက်သည့် မှန်ကန်သောဆောင်ရွက်ချက်ဖြစ်သည်။
ယခင်အစိုးရလက်ထက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုကိုအကြောင်းပြု၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ငွေကြေးထောက်ပံ့ပေးမှုများ ပြုလုပ်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပြည်သူများမှာ ရရှိသည့်ငွေကြေးအနည်းငယ်ကို သုံးစွဲခြင်းဖြင့် ကုန်ခန်းသွားစေသည့်အပြင် ယင်းငွေကြေးထောက်ပံ့မှုအပေါ်တွင် နိုင်ငံရေးအရ အမြတ်ထုတ်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့ဘဏ္ဍာငွေများကို ထိရောက်စွာအသုံးမချနိုင်ဘဲ အချည်းနှီးဖြစ်ခဲ့ရသည်။ ယခုအခါ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် အသုံးပြုခြင်းသည် လျော်ကန်သင့်မြတ်လှပေသည်။
စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုသည် အဓိကကျသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေသည့် နိုင်ငံဖြစ်၍ယင်းကဏ္ဍကို ဖြည့်ဆည်းပေးခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးဦးမော့လာရေးကို အထောက်အကူပြုနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လျင်မြန်စွာတိုးတက်အောင်မြင်နိုင်သည့် (Quick Win)နှင့် စိုက်ပျိုးရာသီနှင့်ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုကို များစွာအထောက်အပံ့ပြုနိုင်သဖြင့် နွေစပါးနှင့် ပြည်ပပို့ကုန် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး စိုက်ပျိုးမည့် တောင်သူများအနေဖြင့် ရရှိလာသောရင်းနှီးမြှုပ်နှံငွေများကို အခြားလုပ်ငန်းများတွင်လည်း အသုံးချနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာပါက ဝင်ငွေများရရှိလာပြီး ပြည်တွင်းဝယ်လိုအားများတက်လာကာ ပြည်တွင်းအရောင်းအဝယ်အားများ ကောင်းလာမည်ဖြစ်၍ ပြည်သူများ လူမှုစီးပွားအဆင်ပြေလာမည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကို စီမံဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ဘီလီယံ ၁၇၀၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ဘီလီယံ ၆၀၊ မြစိမ်းရောင်စီမံကိန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုလျှင် ရှစ်ဘီလီယံစီ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျှင် ငါးဘီလီယံစီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွှဲအပ်ပေးခဲ့သည်။
သို့ဖြစ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချပြီး လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ဒေသများ၏စီးပွားရေးမြှင့်တင်ရေးကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ပြီး ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်