Skip to main content

ကမ္ဘောဇဘဏ်မှ လှူဒါန်းထားသည့် ဆေးရုံသုံးပစ္စည်းများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ ဖြန့်ဝေလှူဒါန်း

နေပြည်တော် မတ် ၃၀

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ လှူဒါန်းထားသည့် ငွေကျပ်သိန်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ကို ကုန်းလမ်းမှ မူဆယ်မြို့နှင့် မန္တလေးမြို့သို့ စတင်ရောက်ရှိ ကြောင်း သိရသည်။

မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် မူဆယ်မြို့သို့ စတင် ရောက်ရှိလာသော ဆေးရုံသုံး နှာခေါင်းစည်း ခုရေ ၃၀၀၀၀၀ ကို မူဆယ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟန်နိုင်စိုးသို့ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းခဲ့သော ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအစီအစဉ်ဖြင့် မူဆယ်မြို့မှ မြန်မာနိုင်ငံ အနှံ့အပြားသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။

ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့သည် မတ် ၁၈ ရက်မှစတင်၍ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့် ကူးစက်ခံရသော လူနာများအတွက် ကနဦး မတည်ငွေ ကျပ်သိန်း ၁၀၀၀ ကို လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံမှ တိုက်ရိုက် မှာယူထားသည့် ဥရောပအရည်အသွေးမီ ဆေးရုံသုံး ပစ္စည်း ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစည်း၊ လက်အိတ်များ အပြည့်အစုံပါဝင်သော CE Standard PPE ဝတ်စုံ ၂၃၀၀၀၊ ၅၀၀ မီလီဂရမ် ပါဝင်သည့် Hand Gel ဘူး ၁၀၀၀၀ တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာလျှင် ဆက်လက်လှူဒါန်း သွားမည် ဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆန် နှစ်ပြည်၊ ဆီတစ်ဘူး၊ ကုလားပဲ တစ်ပိဿာ နှင့် ငွေကျပ် တစ်သောင်းစီပါသော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို အရေးပေါ်လိုအပ်လာပါက လှူဒါန်းသွားရန် အသင့်ပြင်ဆင်ထားသည်။

ကမ္ဘောဇဘဏ်သည် မတ် ၃၀ ရက်အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်းထားပြီး တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည် တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း လှူဒါန်းသွားရန် စီစဉ်ထားသည်။

ကိုဇော်