Skip to main content

ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး အမှန်တကယ် မျှော်မှန်းသည်ဆိုလျှင်

ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည်လည်းကောင်း တပ်မတော်ကအာမခံပေးထားပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိကတောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာမျှသာရှိသေးပြီး သက်တမ်းအားဖြင့် လွန်စွာနုနယ်လှသည်။ ဒုတိယမြောက် ဒီမိုကရေစီအစိုးရလက်ထက်တွင် ရွေးကောက်ပွဲမသမာမှုများဖြင့် ပါတီစုံဒီမိုကရေစီစနစ် ယိမ်းယိုင်တိမ်းစောင်းခဲ့ရာမှ ပြန်လည်တည့်မတ်ပေးနိုင်ရန် ထိန်းသိမ်းမှုပေါ်ပေါက်လာရသည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန်အခွင့်အလမ်းများ၊ နည်းလမ်းများရှိခဲ့ပါလျက် အာဏာရပါတီက လျစ်လျူရှုခဲ့သည်။ နိုင်ငံနှင့်ပြည်သူနာကျင်စေမည့် လမ်းကြောင်းဆီသို့ ဆင်ကန်းတောတိုးလျှောက်ခဲ့သည်။ ရွေးကောက်ပွဲတွင် ထောက်ခံမဲများစွာရရှိခြင်းက မိမိတို့ပါတီကို တစ်နိုင်ငံလုံးကခြွင်းချက်မရှိ ထောက်ခံလိုက်ခြင်းဖြစ်သည်ဟူ၍လည်း မှတ်ယူမှုလွဲခဲ့သည်။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အမာခံလက်ခံနှစ်သက်သူ၊ သာမန်လက်ခံနှစ်သက်သူ၊ လုံးဝမကြိုက်ဆန့်ကျင်သူ၊ သာမန်မကြိုက် မနှစ်သက်သူ၊ ထောက်လည်းမထောက်ခံ ဆန့်လည်းမဆန့်ကျင်သူဟူ၍ ရှိနေမည်သာဖြစ်သည်။ အနည်းနှင့်အများသာ ကွာခြားပေမည်။

အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာသည့်အခါ တော်လှန်ရေးအမည်ခံအကြမ်းဖက်မှုတို့ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ဝန်းရှိ သန်းပေါင်း ၅၀ ကျော်ကို ငါတို့လူဟူ၍ အယူလွဲခဲ့ရာမှ ထင်သလိုမဟုတ်မှန်းသိလာသည့်အခါတွင် “ကြားနေမရှိ” ဟူသောမူဖြင့် ကိုယ်နှင့်မတူသော သူတိုင်းကိုရန်သူအဖြစ်သတ်မှတ်လာသည်။ သို့ဖြင့် အရပ်သားသည်လည်း ရန်သူ၊ ဝန်ထမ်းသည်လည်း ရန်သူ၊ ရဟန်းသံဃာသည်လည်း ရန်သူ၊ ဆရာ ဆရာမလည်း ရန်သူဟူ၍ဖြစ်လာသည်။ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ပြီးလျှင် “ဒလန်”ဟူသော ဝေါဟာရတစ်လုံးကို အထောက်အထားမဲ့ ကောက်တပ်ပေးလိုက်ကြသည်။ ထိုအလုပ်ကို ပြည်ပလက်ဝေခံ မီဒီယာအမည်ခံထားသည့် လူအချို့ကလုပ်ကြသည်။ မိမိတို့နိုင်ငံ၏ ထိုနိုင်ငံရေးအပြောင်းအလဲကို EAO အချို့နှင့် လူပုဂ္ဂိုလ်အချို့က ၎င်းတို့အတွက် အခွင့်အလမ်းတစ်ခုအဖြစ်အသုံးချကြသည်။ နိုင်ငံပျက်စီးရာပျက်စီးကြောင်းအတွက် ပြည်ပမှလက်သိပ်ထိုးပံ့ပိုးသည့် ဒေါ်လာများက ၎င်းတို့အဖို့မက်မောဖွယ်ရာဖြစ်သကဲ့သို့ အကြမ်းဖက်မှုများကိုလည်း “တိုင်းပြည်အခက်၊ ကိုယ့်အချက်”ဟု ယူဆကာငြိမ်းချမ်းရေးကို မျက်ကွယ်ပြုထားကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုများကို အကြိမ်ကြိမ် မသိကျိုးကျွန်ပြုထားကြသည်။

တိုင်းရင်းသားတို့အရေး၊ ပြည်ထောင်စုကြီး၏အရေးအတွက် အမှန်တကယ်မျှော်မှန်းသည့် အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများမှတစ်ဆင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ရလဒ်ထွက်ပေါ်လာမည်သာဖြစ်သည်။ တိုင်းရင်းသားပြည်သူတို့၏ လိုလားချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုများကို ဆန့်ကျင်ကာ အကြမ်းဖက်တိုက်ခိုက်သည့်လမ်းမှားကို လျှောက်လှမ်းခြင်းက လက်နက်ကိုင်ပဋိပက္ခနှင့် မငြိမ်းချမ်းခြင်းသံသရာကို ရှည်သည်ထက် ရှည်ကြာစေလိမ့်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်