Skip to main content

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer တို့၏တွေ့ဆုံမှုအပေါ်တွင် အထူး ကိုယ်စားလှယ်ရုံးမှ တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် တွေ့ဆုံစဉ် ဆွေးနွေးမှုများကို ပြည့်စုံစွာဖော်ပြလိုက်ရပါသည်

နေပြည်တော် ဩဂုတ် ၁၉

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယခုလ ၁၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်ရုံးအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြုသဘောမဆောင်သောထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ရေရှည်လက်တွဲ ဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန် ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြသည်။

၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မိတ်ဆက်ပြောကြားမှု။

မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့ဖူးသည့် မိတ်ဆွေတစ်ဦးအနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် မည်ကဲ့သို့သော အကြံဉာဏ် များပေးရမည်ကိုဖော်ဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်၍ စိန်ခေါ်မှု များစွာရှိပါသည်။ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မိမိအနေဖြင့် အချက် ၄ ချက်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါသည်။ ပထမအချက်အနေဖြင့် မိမိတို့အကြား ဆက်သွယ်ဆောင်ရွက်နေမည့် တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လိုပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို မိမိအနေဖြင့် သိရှိထားပါသည်။ မိမိအနေဖြင့် ဒုတိယအချက်အဖြစ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးလိုပါသည်။ နိုင်ငံရေးဦး တည်ချက် ၃ ရပ်၏ နောက်ဆုံးအချက်မှာ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးရေး” ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါအချက်မှာ မိမိတို့လိုလားသည့်အချက်ဖြစ်ပြီး မိမိတို့အနေဖြင့် အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးဟူသောမူဝါဒကို လက်ခံယုံကြည်ထားပါသည်။ မိမိအနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အကောင်အထည်ဖော်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကုလသမဂ္ဂပဋိညာဉ်ကို ကာကွယ်စောင့်ရှောက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလသမဂ္ဂ ပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တိကျစွာပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို မိမိအနေဖြင့် သတိပြုမိပါသည်။ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်က အမြဲတမ်းထုတ်ဖော် ပြောကြားလျက်ရှိသည့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဟူသောအချက်နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစားလျက်ရှိပါသည်။

အဆွေတော်အနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို အဓိကအခြေခံလျက် နိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မည်ဟု ပြောကြား ခဲ့သည်ကို မိမိအနေဖြင့် မှတ်သားမိပါသည်။ မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် စီးပွားရေးစနစ်ကို လက်ရှိအခြေအနေနှင့်အညီ ဆောင်ရွက်သွားမည်ဟူသောအချက်ကိုလည်း မိမိအနေဖြင့် ကြိုဆိုလက်ခံပါသည်။ မိမိအနေဖြင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကို မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ လေ့လာနိုင်ရန် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် အဆိုပါသယံဇာတများသည် မြေအောက်ထဲ၌သာရှိနေပြီး မြေပေါ်မှတစ်ဆင့် စီးပွားရေးအဖြစ် မည်ကဲ့သို့ အသုံးချဆောင်ရွက်နိုင်မည့်နည်းလမ်းကို မြန်မာနိုင်ငံအနေဖြင့် လိုအပ်နေခြင်း ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်စာတမ်း၌ ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ယင်းကဲ့သို့ ကောင်းမွန်သည့် သမိုင်းကြောင်းများ ရှိခဲ့သည့်အတွက် မိမိအနေဖြင့် ချီးကျူးဂုဏ်ပြုလိုပါသည်။ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ကို ပုံဖော်နိုင်စွမ်းရှိ သည့်အင်အားရှိပြီး အဆွေတော်၏ သား၊ သမီး၊ မြေး၊ မြစ်တို့၏အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုသည့်အချက်သည်လည်း အဆွေတော်၏လက်အတွင်း၌သာရှိပါသည်။ မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ်များနှင့် ဆောင်ရွက်သွား မည်ဆိုသည့်အချက်ကို အဆွေတော်ချမှတ်ထားသော ဦးတည်ချက် ၉ ရပ်တွင် သိသာထင်ရှားစွာ မြင်တွေ့ရပါသည်။

ကိစ္စအချို့နှင့်ပတ်သက်၍ မိမိအနေဖြင့် အဆွေတော်အား မေတ္တာရပ်ခံတောင်းဆိုလိုပါသည်။ ယင်းတောင်းဆိုချက်များသည် မိမိတို့ရှေ့ဆက်သွားမည့် အနာဂတ်လမ်းကြောင်းကို ဆက်သွယ်ဆောင်ရွက်ပေးနိုင်မည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။ မိမိ၏အကြံပြုချက်များ၊ တောင်းဆိုချက်များ၊ တင်ပြချက်များသည် မြန်မာပြည်သူအားလုံးပါဝင်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် တည်ဆောက်ရာတွင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် အခြေခံအုတ်မြစ်များဖြစ်လိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်မိပါသည်။

၄။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြန်လည် ပြောကြေားဆွေးနွေးမှု-

အဆွေတော်နှင့် ပထမဆုံးတွေ့ဆုံဆွေးနွေးသည့်အချိန်၌ အဆွေတော်၏သဘောထားကို သိရှိလိုသည့်အတွက် အဆွေတော်ကို ဦးစွာဆွေးနွေးပြောကြား ခွင့်ပြုခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေပါသည်။ ထို့အပြင် မိမိအနေဖြင့် မြန်မာနိုင်ငံ အားမည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။ သို့ရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်သည့်ကာလသည် အကန့်အသတ်ရှိပါသည်။ အထက်၌ပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဥပဒေကြောင်းအရပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ပါသည်။ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါသည်။ လက်ရှိအခြေအနေ၌ နိုင်ငံတော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် အဆိုပါကိစ္စများထက် ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည့်ကိစ္စများကိုသာ ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ လိုအပ်ချက်များစွာရှိပါသည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး အဆိုပါ သဘာဝသယံဇာတများကို တူးဖော်အသုံးပြုရန် နည်း ပညာများလိုအပ်မှုရှိသည်ကို အဆွေတော်အနေဖြင့် အထက်၌ပြောကြားခဲ့ပါသည်။ အဆိုပါ မြေပေါ်မြေအောက် သဘာဝသယံဇာတများသည် တိုင်းပြည်တစ်ခုအတွက် အရန်(Reserve)သာဖြစ်ပြီး တိုင်းပြည်အတွင်းရှိ မြေ၊ ရေနှင့် လူသားအရင်း အမြစ်များအသုံးပြု၍ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေရန် မည်ကဲ့သို့ဆောင်ရွက်သွားရမည် ကို မိမိအနေဖြင့် စဉ်းစားထားပါသည်။ မြေပေါ်မြေအောက်သဘာဝ သယံဇာတများကိုအသုံးပြု၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းထက် လူသားအရင်းအမြစ်များအသုံးပြု၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ် ခြင်းကို ပိုမိုစိတ်ဝင်စားသော်လည်း ဆောင်ရွက်နိုင်မှုအားနည်းနေပါသည်။ မိမိအနေဖြင့် ပြောကြားလိုသည်မှာ အဆွေတော်၏ ပြောကြားချက်အား မိမိအနေဖြင့် လက်ခံခြင်း/ လက်မခံခြင်းကို ပြောကြားလိုခြင်းမဟုတ်ပါ။ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြားကိစ္စများအား ဆွေးနွေးပြောကြားလိုပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၌ လွတ်လပ်ရေးရရှိခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၅၀ ရွှေရတုအထိမ်းအမှတ် အခမ်းအနားတွင် ယခင်ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာကျင့်သုံးလျက်ရှိပါသည်။

စစ်အေးကာလအတွင်း အနောက်အုပ်စုနှင့် အရှေ့အုပ်စုတို့အနေဖြင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပါသည်။ မျက်မှောက်ကာလ၌လည်း ကမ္ဘာကြီးတစ်ခုလုံး မငြိမ်မသက်မှုများ ဖြစ်ပွားနိုင်သည့်အခြေအနေ ရှိနေပါသည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရေးသည်အရေးကြီးသည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ ကုလသမဂ္ဂပဋိညာဉ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိပါ။ ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် ချမှတ်ထားသည့် ပဋိညာဉ်နှင့်အညီ ထိတွေ့ဆက်ဆံဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ထိတွေ့ဆက်ဆံဆောင်ရွက်မှသာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂအပေါ် ယုံကြည်မှု ရှိလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏ အရိပ်အာဝါသကြောင့် အေးမြသည့်အရသာကို လိုလားတောင့်တနေသည့်နိုင်ငံများဖြစ်ပါသည်။ အဆိုပါကိစ္စသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် ကုလသမဂ္ဂသည် ဒုက္ခရောက်နေသည့်၊ အခက်အခဲရှိနေသည့်၊ လိုအပ်ချက်များရှိနေသည့် နယ်ပယ်များတွင် အကူအညီပေးအပ်ခြင်းများ ပြုလုပ်ရသည်ဟု မိမိတို့အနေဖြင့် နားလည်သဘောပေါက်ထားပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာစောင့်ထိန်းသူတစ်ဦးဖြစ်သည်ဟု အဆွေတော်အနေဖြင့် အထက်၌ ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံသား ဦးသန့်သည်လည်း ကုလသမဂ္ဂတွင် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မိမိအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများအနက် Mr. Kofi Annan နှင့်သာသိကျွမ်းပြီး ၎င်းနှင့် ၃ ကြိမ် ဆွေးနွေးခဲ့ဖူးပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပုဂ္ဂိုလ်မျိုးဖြစ်ရန် လိုအပ်ပါသည်။

မိမိအနေဖြင့် ၂၀၁၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၁ နှစ်ခန့် ကြာမြင့်ပြီဖြစ်ပါသည်။ အဆိုပါကာလအတွင်း ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံများ၊ အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ပြောကြားချက်များသည် တစ်ဖက်သတ်ပြောကြားချက်များဖြစ်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွက် စိတ်မကောင်းဖွယ်ရာ ကိစ္စများပင်ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်တွင် အဆိုပါကိစ္စကို မည်ကဲ့သို့ကျော်လွှားမည်ဟူသည့်အချက်ကို ဦးစွာဖြေရှင်းရန် လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်စေလိုသည့်အတွက် အပြုသဘောဆောင်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဆက်ဆံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် အဆွေတော်အပေါ် ပုဂ္ဂိုလ်ရေးအရ မည်သည့်ခံစားချက်မျှမရှိပါ။ မိမိအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်အတွက် ယခုကဲ့သို့ အဆွေတော်နှင့်တွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်ပါသည်။ အခက်အခဲများစွာရှိသော်လည်း အဆွေတော်မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်မစွက်ဖက်ဟု အဆွေတော်အနေဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ကျင့်သုံးနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင်လည်း ယင်းကဲ့သို့ တိကျစွာပြဋ္ဌာန်းထားပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်အနက် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြု၊ နိုင်ငံတစ်နိုင်ငံပိုင်နက် နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန် စသည့်အချက်များ ပါဝင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်က တာဝန်ယူခဲ့ရပါသည်။ မြန်မာနိုင်ငံကို တရားဥပဒေလမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်ရေး ပြန်လည်ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ် အသိအမှတ်မပြုသည်ကို တွေ့ရှိရပါသည်။ ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့် အသိအမှတ်မပြုခြင်းနှင့်ပတ်သက်၍ မေးခွန်းများရှိလာပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဟု ပြောကြားလျက်ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ် အသိအမှတ်မပြုသည့်အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ကို သိရှိလိုပါသည်။ အဆွေတော်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်အစိုးရတစ်ရပ်ဖြင့် တည်ငြိမ်နေသောနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက်ကြောင့် စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံတွင် ဆင်းသက်ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အခြေအနေမဟုတ်ပါက စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် မြန်မာနိုင်ငံတွင် ဆင်းသက်မည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဆောင်ရွက်နေသည့် လေကြောင်းလိုင်း ၁၆ ခု ပြေးဆွဲလျက်ရှိပါသည်။ အဆွေတော်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၃ နာရီခန့် စောင့်ဆိုင်း၍ ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ခဲ့ပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်မည့်အချိန်ကာလတွင် အဆွေတော်အနေဖြင့် ရန်ကုန်မြို့ကိုလှည့်ပတ်ကြည့်ရှု၍ ရန်ကုန်မြို့မှနေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် လာမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုသိရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို အမှန်တကယ်သိရှိအောင် ဆောင်ရွက်ပြီးမှသာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခြင်းသည် ပို၍ကောင်းမွန်မည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံ၏အခြေအနေ တည်ငြိမ်မှုရှိနေသည်ကို ကုလသမဂ္ဂက မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု အမျိုးမျိုးထုတ်ပြန်ကြေညာနေခြင်းအပေါ် မိမိတို့အနေဖြင့်နားမလည်နိုင်ပါ။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့နှင့်ပတ်သက်၍ ဥပဒေလမ်းကြောင်းဖြင့်သာ အမှန်တကယ်ဆောင်ရွက်ပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်အရ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ဖြစ်တည်လာသည့် အစိုးရဖြစ်ပါသည်။ မိမိတို့အစိုးရသည် ဥပဒေဖြင့် လုပ်ဆောင်ရသော အဖွဲ့အစည်းဖြစ်သည့်အတွက် ကိစ္စအားလုံးကို ဥပဒေအတိုင်းသာ ဆောင်ရွက်ပါသည်။ ယင်းအချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂအနေဖြင့် သဘောပေါက်နားလည်စေလိုပြီး ၎င်းတို့သိရှိထားသောအချက်များနှင့် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေများသည် လွန်စွာကွာခြားမှုရှိနေသည်ကို မိမိအနေဖြင့် အသိပေးပြောကြားလိုပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း၊ တတိယလှိုင်း ဖြစ်ပွားခဲ့သည့်အချိန်၌ ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခဲ့ပါသည်။ အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရသည်များရှိသကဲ့သို့ တစ်ဖက်တွင်လည်း ကုလသမဂ္ဂ စသည့်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မျှော်လင့်ခဲ့ပါသည်။ သို့ရာတွင် မည်သည့်အကူအညီမျှ ရရှိခဲ့ခြင်းမရှိပါ “ကျန်ရစ်သူ မရှိစေရ (Leave No One Behind)” ဟူသည့် ကုလသမဂ္ဂ၏ မူဝါဒအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပင်လျှင် မြန်မာနိုင်ငံကို မည်သည့် အကူအညီမျှပေးအပ်ခဲ့ခြင်းမရှိပါ။ ယင်းကိစ္စမှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းပါသည်။ လူသားတစ်ဦး၏ အသက်ရှင်သန်ရေးကိစ္စပင်ဖြစ်ပါသည်။ လူသားတစ်ဦး အန္တရာယ်ကြုံတွေ့နေရချိန်၌ စစ်မက်ဖြစ်ပွားနေသော နိုင်ငံကိုပင် အကူအညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ အခက်အခဲကြုံတွေ့နေရချိန်၌ အကူအညီမပေးအပ်နိုင်စရာအကြောင်းမရှိဟု မိမိအနေဖြင့် ထင်မြင်ယူဆပါသည်။ ကံကောင်းစွာပင် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကိုများစွာ အကူအညီပေးခဲ့ပါသည်။ အဆိုပါအကူအညီများကြောင့် မြန်မာနိုင်ငံသားများ၏ အသက်များစွာကို အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အာဆီယံအဖွဲ့အနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) မှတစ်ဆင့် အနည်းငယ်ကူညီပေးခဲ့ပါသည်။ မြန်မာ နိုင်ငံအနေဖြင့် ကိုယ်တိုင်ရုန်းကန်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အကျပ်အတည်း များစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေးအရဖိအားများ ပေးခဲ့ခြင်းဖြစ်ပါသည်။ အာဆီယံအနေဖြင့်လည်းကောင်း၊ ကုလသမဂ္ဂအနေဖြင့် လည်းကောင်း ဖိအားအမျိုးမျိုးပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော်လည်း မိမိတို့ဘက်မှကိုယ်စားလှယ်ကိုလက်မခံခဲ့ပါ။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ကိုယ်စား လှယ်ထားရှိရေးကို အဆုံးအဖြတ်ပေးသည့် Credential Committee နှင့်ပတ်သက်၍ အဆွေတော်တို့အနေဖြင့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင် ပထမဆုံးဖြေရှင်းရမည့်ကိစ္စမှာ ယင်းကိစ္စ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ပြောကြားလိုပါသည်။ မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာ့တပ်မတော်က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ အခြေခံဥပဒေအား မြန်မာ့တပ်မတော်က ရေးဆွဲပေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးလောကတွင် ထင်ပေါ်ကျော်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ စသည့်အလွှာပေါင်း ၈ လွှာမှ ပုဂ္ဂိုလ်ပေါင်း ၁,၀၀၀ ကျော်က ပါဝင်ရေးဆွဲပေးခဲ့ခြင်းဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ များစွာရှိနေပါသည်။ သို့ရာတွင်တပ်မတော်အနေဖြင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေကိုမူ အချို့နိုင်ငံများက သိရှိခြင်းမရှိကြပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့်အချိန်၌ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် ဆောင်ရွက်ရမည်ဟူသောအချက်ကို တပ်မတော်အနေဖြင့် သိရှိသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း လာစေရန်နှင့် ၎င်းတို့ကိုတပ်မတော်၏အစိတ်အပိုင်းဖြစ်သော တရားဝင် လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ KNU ၊ KNPP ၊ KIA အဖွဲ့များသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လိုက်ပါလျှောက်လှမ်းလာခြင်းမရှိဘဲ လက်နက်ကိုင်လမ်းစဉ်အတိုင်းသာ ဆက်လက်လျှောက်လှမ်းခဲ့ကြပါသည်။ လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်အတွင်း၌ တပ်မတော်ကဲ့သို့ အသွင်ပြောင်း၍ တာဝန်ထမ်းဆောင်သည့် ယခင် EAO အဖွဲ့များ တပ်ရင်း ၂၀ ကျော်ရှိပါသည်။ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကာ တရားဝင်လက်နက်ကိုင်အဖွဲ့များအဖြစ် တည်ရှိနေကြပါသည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ မည်သူကမျှပြောကြားခဲ့ခြင်းမရှိပါ။ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ၌ ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပသည့် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲ၌ ၃၁၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါသည်။ အထွေထွေရွေးကောက်ပွဲပြုလုပ် နိုင်သည့်နယ်မြေများ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အမှန်စင်စစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်သည့်နယ်မြေအရေအတွက် မြင့်တက်လာရမည်ဖြစ်သော်လည်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက် လျော့နည်းလာရခြင်းမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပွားနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လွန်စွာအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။ မဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းသည် ဒီမိုကရေစီစနစ်အတွက် ကောင်းမွန်မှုမရှိသည့် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦးတစ်ယောက် မကျန်ဆန္ဒမဲပေးနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ၊ သို့မဟုတ် တိုင်းပြည်တာဝန်ယူထားသည့် အဖွဲ့အစည်းတို့၏ တာဝန်သာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်၌ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိစေရေးကို ဦးစားပေး (၁) အဖြစ် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ တိုင်းပြည်၌ နိုင်ငံရေးအခြေအနေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သည့်အချိန်တွင် ဒီမိုကရေစီအရ ဆောင်ရွက်ရမည့်လမ်းစဉ်များကို ဒီမိုကရေစီအရ ဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်လမ်းစဉ်များကိုရွေးချယ်၍ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးသည့်အချိန်တွင် ပေါ်ပေါက်ခဲ့ပါသည်။ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၌တည်ငြိမ်မှုမရှိသည့်အခြေအနေမျိုး ဖြစ်ပွားခဲ့ပါသည်။ ဒီမိုကရေစီလမ်းကြောင်း အတိုင်း ဥပဒေအရဖြေရှင်းဆောင်ရွက်မည်ဆိုလျှင် ယခုကဲ့သို့ပြဿနာများဖြစ်ပေါ် လာမည်မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများကြောင့်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသောငြင်းဆိုမှု (Decline) ပြုလုပ်သည့်ကိစ္စရပ်များကြောင့်လည်းကောင်း သက်ရောက်မှုရှိနေခြင်းကို စဉ်းစားသုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက် လုပ်ဆောင်လျက်ရှိသည့်ကိစ္စများ ဖြစ်ပေါ်နေသည့်ကာလများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတည်ရှိသည့်ကာလများတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ပြောကြားခဲ့ပါသည်။ အကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုလျှင် အကြမ်းဖက်မှုများကို မိမိတို့က ဆောင်ရွက်နေခြင်းမဟုတ်ပါ။ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်၍သာ မိမိတို့အနေဖြင့် ပြန်လည်ခုခံရခြင်းဖြစ်ပါသည်။ အနီးဆုံးဖြစ်စဉ်အနေဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၏အနောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီးရှိတံတားပေါ်၌ ကားတစ်စီးပေါ်ရှိ ခရီးသည်များအား အကြမ်းဖက်သမားများက ဓားစာခံလုပ်၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ခရီးသည်များနှင့် အဆိုပါအကြမ်းဖက်သမားများ သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ သံဃာတော်များကိုသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအကြမ်းဖက်မှုများသည် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ကိစ္စများဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအကြမ်းဖက်မှုကိစ္စများကို ပြောကြားခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုကို ဒီမိုကရေစီနည်းလမ်းကျစွာ ဆောင်ရွက်ခြင်းမရှိဟူ၍ ပြောကြားလျက်ရှိပါသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် ကိစ္စများနှင့်ပတ်သက်၍ အခြေအနေအမှန်ကို သုံးသပ်စေလိုပါသည်။

၅။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အမြဲမပြတ်တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းချက်နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် ဆွေးနွေးပြောကြားမှု-

အခြေအနေများကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်ယုံကြည်မှုများ လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် မြေပြင်အခြေ အနေမှန်များကို သိရှိသုံးသပ်ပြီး သတင်းပို့တင်ပြခြင်းသည် ကောင်းမွန်မည်ဆိုသည့်အချက်ကို မိမိအနေဖြင့်လက်ခံပါသည်။ ပထမတင်ပြလိုသည့်အချက်မှာ အဆွေတော်နှင့်မိမိတို့အကြား အမြဲမပြတ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားရန် အဆိုပြုပြောကြားလိုပါသည်။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို အသိအမှတ်ပြုမှုနှင့် မြန်မာနိုင်ငံကို ကုလသမဂ္ဂတွင် အသိအမှတ်ပြုမည့်ကိစ္စဖြစ်ပါသည်။ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုမှုနှင့် မြန်မာနိုင်ငံကို အသိအမှတ်ပြုမှုအခွင့်အာဏာသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံတွင်မရှိပါ။ မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုကို အသိအမှတ်ပြုနိုင်သည်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင်သာရှိပါသည်။ သို့ဖြစ်၍ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံအား ကူညီနိုင်မည့်နည်းလမ်းပေါင်းစုံကို ရှာဖွေလျက်ရှိပါသည်။ အာဆီယံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ်တွင် ပါဝင်သည့် အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းရေးဟူသည့် အချက်တစ်ချက်ပါဝင်ပါသည်။ အဆိုပါအချက်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဖြေရှာမှုများပြုလုပ်ရာတွင် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ပါသည်။ မိမိသည် မြန်မာနိုင်ငံတွင် နှစ်ဖက်စလုံးမှ အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟူသည့်အချက်ကို ပထမဆုံးအသိအမှတ်ပြုခဲ့သူ တစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြည်သူလူထု၏ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟူသည့် အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းပြောဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ မိမိအနေဖြင့် “Myanmar Led, Myanmar Way” ဟူသည့် ဆောင်ပုဒ်ကို အသိအမှတ်ပြုပါသည်။

၆။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အပြုသဘောဆောင်သော တုံ့ပြန်ဆွေးနွေးချက်-

အဆွေတော်အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ကာလေ့လာမှုများ ပြုလုပ်ပြီး အခြေအနေကြည့်၍ အခြားသောပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြောကြားမှုများ ပြုလုပ်သွားမည်ဟု အထက်တွင် ပြောကြားခဲ့ပါသည်။ အဆွေတော်အနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် သက်ဆိုင်ရာသို့ သတင်းပို့တင်ပြရမည်ဖြစ်ပါသည်။ ထိုသို့ သတင်းပို့တင်ပြသည့်အချိန်တွင် ၎င်းတို့ဘက်က မည်ကဲ့သို့တုံ့ပြန်ပြီး မည်သည့်မှတ်ချက်များ ပေးအပ်မည်ဟူသည့်အချက်အပေါ်တွင် များစွာမူတည်ပါသည်။ အဆွေတော်အနေဖြင့် မည်သည့်အချက်များကိုတွေ့ရှိကာ သက်ဆိုင်ရာသို့မည်ကဲ့သို့ သတင်းပို့တင်ပြသွားမည်ဟူသည့်အချက်အပေါ်လည်း မိမိတို့အနေဖြင့် လေ့လာကြည့်ရှု ရမည်ဖြစ်ပါသည်။ မိမိတို့အကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရန် လိုအပ်ပါသည်။ မိမိတို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များကိုတုံ့ပြန်ရာ၌ အတတ်နိုင်ဆုံးထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် မိမိတို့အားတိုက်ခိုက်လာလျှင် မဖြစ်မနေပြန်လည်တိုက်ခိုက်မှု ပြုလုပ်ရမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုကို ထိခိုက်အောင် ပြုလုပ်လာလျှင် ပြန်လည်တိုက်ခိုက်မှုပြုလုပ်သွားရမည်ဖြစ်ပါသည်။ မိမိအနေဖြင့် အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ပြန်လည်ရည်ညွှန်း ပြောဆိုခြင်း(Refer) မရှိသေးပါ။ မိမိတို့ ပြောကြားနေသည့်အချက် ၅ ရပ်မှာ နိုင်ငံတော်က ကျင့်သုံးနေသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ် ဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ နိုင်ငံတစ်နိုင်ငံပိုင်နက်နယ်နိမိတ်တည်တံ့ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန်တို့သာ ပါဝင်ပါသည်။ မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။ အဆွေတော်လာရောက်သည့် ယခုခရီးစဉ်သည် တရားဝင်ခရီးစဉ်ဖြစ်ပြီး လက်ရှိအဆွေတော်တည်ရှိနေသည့်နေရာသည် နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမဖြစ်ပါသည်။ အဆွေတော်အနေဖြင့် အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏အဆိုပြုချက်ကို လက်ခံခြင်းမရှိပါက အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ အဆိုပြုချက်များကိုလည်း လက်ခံခြင်းမပြုစေလိုပါ။

၇။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ပြောကြားချက်-

မိမိအနေဖြင့် မြန်မာနိုင်ငံ အရေးကိစ္စနှင့်ပတ်သက်၍ ထောက်ပြဆွေးနွေးနိုင်သည့် အခွင့်အာဏာသာရှိပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ မိမိအနေဖြင့် ယခုကဲ့သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးခြင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မှာကြားချက်များကို အဆွေတော်ထံသို့လာရောက်၍ ရှင်းလင်းပြောကြားပေးခြင်းသာ ဖြစ်ပါသည်။ အဆွေတော်ကို ဆောင်ရွက်စေလိုသည့် အချက် ၂ ချက်ရှိပါသည်။ အဆိုပါအချက် ၂ ချက်မှာ မြန်မာနိုင်ငံ၏နေရာဒေသအချို့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း မပြုလုပ်ရန်နှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ရန်ဖြစ်ပါသည်။

၈။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို တုံ့ပြန်ပြောကြားချက်-

အချက် ၂ ချက်နှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ မိမိတို့ကိုလာရောက်တိုက်ခိုက်သည့် သောင်းကျန်းသူများတည်ရှိရာနေရာသို့ ပစ်မှတ်ထား၍ မိမိတို့ဘက်က တိုက်ခိုက်ခြင်းဖြစ်ပါသည်။ အဆိုပါသောင်းကျန်းသူများက မိမိတို့ကိုမတိုက်ခိုက်လျှင် မိမိတို့ကစတင်၍ တိုက်ခိုက်မည်မဟုတ်ပါ။ လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ခိုက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံမည်မဟုတ်ပါ။ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ ရပ်ရွာများကို မီးရှို့သည့်ကိစ္စသည် လုံးဝမှားယွင်းသည်ဟု မိမိအနေဖြင့် ပြောကြားလိုပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အချိန်တွင်လည်း မိမိတို့အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို နီပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက် ပေးနေသည်များရှိပါသည်။ ထို့အပြင်အခြားအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည်များလည်းရှိပါသည်။ သာမန်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင်ပင် မိမိတို့တာဝန်ယူဆောင်ရွက်ပေးရမည့် ဒုက္ခသည်များကို မိမိတို့က ဒုက္ခရောက် စေရန် နေအိမ်များမီးရှို့ဖျက်ဆီးသည်ဟူသောအချက်မှာ မဖြစ်နိုင်သည်ကို သိရှိနိုင် ပါသည်။ ပြည်သူလူထု၏နေအိမ်များအား မိမိတို့က မီးရှို့ဖျက်ဆီးသည် ဟူသော အချက်ကို မိမိအနေဖြင့် လုံးဝငြင်းဆိုပါသည်။

၉။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂတို့အကြား ဆက်လက် လက်တွဲဆောင်ရွက်နိုင်ရေး ကမ်းလှမ်းပြောကြားမှု-

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော သမိုင်းကြောင်းရှိခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်နိုင်စေရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres ကလည်းဆန္ဒရှိ ပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံကို တန်ဖိုးထားလေးစားပါသည်။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းသားများကို သေဒဏ်ပေးအပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားလိုပါသည်။ ဖြစ်ပြီးသားကိစ္စများမှာ ဖြစ်ပျက်ခဲ့ပြီးသောကြောင့် နောက်ထပ်သေဒဏ် ချမှတ်စီရင်သည့်ကိစ္စများကို သနားညှာတာမှု၊ လူသားချင်း စာနာထောက်ထားမှုတို့ဖြင့်ထောက်ရှု၍ ဖြေလျှော့မှုများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ အဆွေတော်ကိုယ်တိုင်သည်လည်း သနားညှာတာမှုရှိသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့်အတွက် နောက်နောင်တွင် သေဒဏ်ချမှတ် စီရင်မည့်ကိစ္စများကို သနားညှာတာမှုရှိစွာ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်။ တတိယအချက်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးကိစ္စများကို မည်ကဲ့သို့ဆောင်ရွက်သွားမည်နှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ် ရေးကိစ္စများကို Channel တစ်ခုထဲမှမဟုတ်ဘဲ အခြားဆက်သွယ်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများစွာမှတစ်ဆင့် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုပါသည်။ မြန်မာနိုင်ငံသို့ မလာရောက်မီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Prak Sokhonn နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ Mr. Prak Sokhonn သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်တွေ့ဆုံကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ အချိန်ရရှိမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လိုပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မြန်မာနိုင်ငံသို့ လာရောက်ခဲ့ချိန်တွင် အဆွေတော်အနေဖြင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများနှင့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်ကို မိမိအနေဖြင့် သိရှိထားပါသည်။

၁၀။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြောကြားချက်-

အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အနေဖြင့်လည်း နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံဆွေးနွေးလိုပါက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် တွေ့ဆုံနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံလိုသော်လည်း နိုင်ငံတော်ကိုဆန့်ကျင်လျက် ရှိသည့်အဖွဲ့များနှင့် တွေ့ဆုံရေးနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုပါက ၎င်းတို့အနေဖြင့် လုပ်ဆောင်ချက်အားလုံးကို ဦးစွာရပ်ဆိုင်း၍ တရားဝင်တွေ့ဆုံမှုပြုလုပ်ရန်လိုအပ်ပါသည်။ ယင်းကဲ့သို့မဟုတ်ဘဲ လမ်းဘေးတွင် စကားပြောသည့်ပုံစံမျိုးဖြင့် ပြောဆို၍မရပါ။ Gentlemen’s Agreement ကိုလည်း ပြုလုပ်ရန်လိုအပ်ပါသည်။ မိမိအနေဖြင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ဖိတ်ခေါ်ခဲ့ပါသည်။ လက်ရှိအချိန်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ လာမည့်ရက်သတ္တပတ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ်ပြန်လည် တွေ့ဆုံဆွေးနွေး မည်ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် တတိယအကြိမ် ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက် ရှိပါသည်။ တရားဝင်ဖြစ်သည့်နိုင်ငံရေးပါတီများနှင့် အချိန်မရွေး တွေ့ဆုံနိုင်သော်လည်း နိုင်ငံတော်ကိုဆန့်ကျင်၍ အကြမ်းဖက်တိုက်ခိုက် နေသူများနှင့် ဆွေးနွေးသွားမည်ဆိုသည့်အချက်မှာ လုံးဝမဖြစ်နိုင်ပါ၊ အကြမ်းဖက် တိုက်ခိုက်မှုများ လုံးဝမဖြစ်စေရန် ၎င်းတို့ဘက်က ပထမဆုံးတာဝန်ယူဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ယင်းကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးလျှင် မိမိတို့ဘက်က တွေ့ဆုံဆွေးနွေးနိုင်မည့်လမ်းစကို ရှာဖွေပေးသွားမည်ဖြစ်ပါသည်။ သေဒဏ်ချမှတ်သည့်ကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုလျှင် မိမိတို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့အတွက် အာဏာရှိသော်လည်းဥပဒေ၏ ပြင်ပမှနေ၍ မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ ၎င်းတို့အနေဖြင့် လွန်စွာဆိုးရွားသည့် ပြစ်မှုများကို ကျုးလွန်ခဲ့သောကြောင့် ယင်းကဲ့သို့ အပြစ်ပေးအရေးယူခံရခြင်းဖြစ်ပါသည်။ ၎င်းတို့အနက်အချို့မှာ လူ ၄ ၊ ၅ ၊ ၆ ဦးကို သတ်ဖြတ်ခဲ့သူများ ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် အဆွေတော်၏ မိတ်ဆွေသားချင်းများ အသတ်ခံရလျှင်မည်ကဲ့သို့ ခံစားရမည်ကိုမေးမြန်းလိုပါသည်။ ထိုက်သင့်သောအရေးယူမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံ၏တရားဥပဒေစိုးမိုးရေးအရ ယင်းကဲ့သို့ အပြစ်ပေးဆောင်ရွက်ခြင်းဖြစ်ပါသည်။

၁၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကလေးသူငယ်များ အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားချက်-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres အနေဖြင့် မြန်မာနိုင်ငံကို ကူညီ‌ပေးနိုင်မည့်နည်းလမ်းအားရှာဖွေ၍ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရန် စိတ်အားထက်သန်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးမည်ဆိုလျှင် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုများ ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။ ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရန်မှာ ခက်ခဲသည့်ကိစ္စ တစ်ခုဖြစ်သည်ကိုလည်း မိမိအနေဖြင့်သိရှိထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ဩစတြေးလျ စီးပွားရေးပညာရှင် Mr. Sean Turnell ကို ပြန်လွှတ်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ဩစတြေးလျနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုကို ဖော်ညွှန်းပြသနိုင်သည့် အခြေအနေတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ အဆွေတော်အနေဖြင့် ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သည်ကိုလည်း မိမိအနေဖြင့်သိရှိထားပါသည်။ သို့ဖြစ်၍ အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ကလေးငယ်များရှိပါက ပြန်လည်လွှတ်ပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါသည်။

၁၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အရေးယူ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုအား တုံ့ပြန်ပြောကြားမှု-

 ကလေးငယ်များနှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုလျှင် မိမိတို့အရေးယူဖမ်းဆီး ထိန်းသိမ်းထားသည့် ကလေးငယ်များ၌ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် လူငယ်အနည်းစုပါဝင်ပါသည်။ ၎င်းတို့နှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် အသက်ညှာဆုံး အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ Mr. Sean Turnell ကိစ္စတွင်လည်း ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဆောင်ရွက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ တင်းမာစွာဆောင်ရွက်ရမည့်အခြေအနေမျိုးမရှိပါ။ Mr. Sean Turnell ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိရသည့် အချက်အလက်များမှာ ၎င်းအားကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်သည့် သက်သေအထောက်အထားများဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၃,၅၀၀ ဦးခန့် သေဆုံးခဲ့ရပါသည်။ အဆိုပါသေဆုံးသူများမှာ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်းမရှိဘဲ သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်ပါသည်။ အပြစ်မဲ့ပြည်သူများသေဆုံးမှုတွင် ကျောင်းဆရာ၊ ဆရာမ ၄၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့် ကလေးသူငယ် ၈၂ ဦးပါဝင်ပါသည်။ အဆိုပါသေဆုံးသူများ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို မိမိတို့အနေဖြင့် မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို သိရှိလိုပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကမ္ဘာတစ်ဝန်းလုံးကို ကိုယ်စားပြုသူတစ်ဦးဖြစ်သကဲ့သို့ မိမိသည်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးဖြစ်ပါသည်။ သို့ဖြစ်၍ မိမိအနေဖြင့် မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၃။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ဘင်္ဂါလီကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးချက်-

ပဉ္စမမြောက်အချက်အဖြစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့်ကိစ္စရပ်ကို ဆွေးနွေးလိုပါသည်။ မိမိအနေဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလိုပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား သဘောတူညီမှုများပြုလုပ်၍ ဒုက္ခသည်များနေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စများရှိသည်ဟု သိရှိထားပြီး Pilot Project အနေဖြင့် ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကိုနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟု သိရှိထားပါသည်။ ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေးနှင့် ၎င်းတို့၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် သွားနိုင်မည်ဟူသည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားလိုပါသည်။ (မှတ်ချက် - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေဖြင့် ၎င်းကိစ္စအား ဆွေးနွေးရာတွင် ရိုဟင်ဂျာဟူ၍ ပြောဆိုသုံးနှုန်းခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။)

၁၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်္ဂါလီ ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံသဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ ဆောင်ရွက် နေမှုကိုရှင်းလင်းမှု-

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ သဘောတူညီမှုရှိခဲ့ပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား အဆိုပါကိစ္စနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ်၌ သဘောတူညီခဲ့သည့်အချက် ၄ ချက်ရှိပါသည်။ ပထမအချက်မှာ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ရန်နှင့် အခြားအချက်များအနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် သက်သေအထာက်အထားပြနိုင်သူများဖြစ်ရန်ဟူ၍ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့အကြား အဆိုပါသဘောတူညီချက် ၄ ချက်အား ၂၀၁၇ ခုနှစ်တွင် အချက် ၁ ချက် ထပ်မံတိုး၍ သဘောတူညီမှုကိုပြုလုပ်ခဲ့ပါသည်။ ယင်းထပ်တိုးအချက်မှာ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများအနေဖြင့် တရားရုံးမှထောက်ခံချက်များ ပါရှိရန်ဟူ၍ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ပြန်လည်လက်ခံပေးမည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းမရှိပါ။ ဒုက္ခသည်များစာရင်းနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ တောင်းခံခဲ့ရာတွင် နှစ်နိုင်ငံအကြား သဘောတူညီထားသည့်ပုံစံအတိုင်း ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့ပေးအပ်လိုသည့်ပုံစံဖြင့်သာစာရင်းများ ပေးအပ်လာသည့်အတွက်မိမိတို့အနေဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံ၌ လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင် များဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ ဖြစ်ပွားခဲ့ခြင်းမရှိပါ။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆွေတော်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်၍ ဆွေးနွေးမှုများပြုလုပ်နိုင်သည့်အပြင် မိမိတို့အနေဖြင့်လည်း ယင်းကိစ္စရပ်အားအချိန်မရွေး ပြန်လည်ဆွေးနွေးပေးရန် အသင့်ရှိပါသည်။ မိမိတို့ဘက်က အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ဆက်လက်ဆောင်ရွက်ခြင်းမရှိခဲ့ခြင်းဖြစ်ပြီး အဓိကပြဿနာရပ်မှာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားမဟုတ်သော ဘင်္ဂါလီလူမျိုးများသာဖြစ်သော်လည်း ၎င်းတို့ဘက်က ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟူ၍ အမည်တပ်ကာ ဆောင်ရွက်နေခြင်းကို မိမိတို့အနေဖြင့် လုံးဝ လက်ခံနိုင်မှုမရှိခြင်းပင် ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတကာမှတစ်ဆင့်တောင်းဆို၍ လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်း မရှိပါ။ မိမိတို့အနေဖြင့် ဘင်္ဂါလီများကိုလုံးဝလက်ခံနိုင်ခြင်းမရှိဟု ပြောကြားနေခြင်းမဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခဲ့သည့် အထောက်အထား ပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့လည်း ကူညီပေးနိုင်ရေး မေတ္တာရပ်ခံထားပါသည်။ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအပ အခြား ၄ နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့်ပတ်သက်၍ ရွေးချယ်ပိုင်ခွင့်မရှိပါ။ မည်သို့ပင်ဆိုစေကာမူ အပြုသဘောဆောင်သည့် ဆက်ဆံရေးဖြင့် ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

၁၆။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့်ပတ်သက်၍ဆွေးနွေးချက် -

နောက်ဆုံးအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ပြစ်ဒဏ်များ ချမှတ်ခြင်းမပြုလုပ်မီ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ကိစ္စဖြစ်ပါသည်။ မိမိအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေသူများအကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ထားပါသည်။

၁၇။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းဆွေးနွေးမှု -

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏မိခင်နှင့်အတူ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့်သာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံးအကြိမ်တွေ့ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။ မိမိတို့ဘက်က ယင်းကဲ့သို့ တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ဥပ‌ဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော်ညီသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည့်အတွက်‌ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုလျှင် လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စများ လုံးဝဖြစ်လာမည်မဟုတ်ပါ။ ၎င်းတို့အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်မှုမပြုနိုင်သည့် အကြောင်းအရင်းများစွာရှိပါသည်။ ယင်းကိစ္စရပ်အား မိမိတို့အနေဖြင့် ၎င်းအားဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပေါ်ဥပဒေအရ တရားစီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများကိုမူတည်၍ ၎င်းအပေါ်စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက်ပိုမိုအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့်အရာကို ဦးစားပေးနှိုင်းယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကိုဦးစားပေး၍ ဆောင်ရွက်မည်ဖြစ်သောကြောင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ တရားစွဲဆိုခြင်းကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရလုပ်ဆောင်ခဲ့ပါသည်။ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေကိုနားလည်သဘောပေါက်၍ လိုက်နာရသည့်သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည်ဖြေရှင်းရန် တာဝန်ရှိပါသည်။ အလားတူ မိမိတို့အနေဖြင့်လည်း ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတို့အနေဖြင့် အဆိုပါကိစ္စများကို ဥပဒေအရ စဉ်းစားဆောင်ရွက်၍ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောရန်အချိန်စောလွန်းသေးပါသည်။ မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ထားရှိကာ ဆောင်ရွက်ပေး ထားပါသည်။ အဆွေတော်ပြသသည့် The Charter Of The United Nations စာအုပ်သည် မိမိထံတွင်လည်းရှိပြီး စိတ်ဝင်စားမှုရှိပါသည်။ သို့ရာတွင် UN Charter ဆိုသည်မှာ စာရွက်ပေါ်တွင်သာ ရှိရမည်မဟုတ်ဘဲ အမှန်တကယ် လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

၁၈။ သီးခြားဖော်ပြချက်

ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့်၎င်းတို့မှအများပြည်သူသို့ ထုတ်ပြန်ချက်များတွင် အစိုးရ၏တုံ့ပြန်ပြောကြားချက်များကို မျှတစွာထည့်သွင်းဖော်ပြရန် ကျင့်ဝတ်အရလိုအပ်သော်လည်း အထူးကိုယ်စားလှယ်ရုံး၏ (၁၇-၈-၂၀၂၂) ရက် ထုတ်ပြန်ချက်သည် ယင်းကိုလိုက်နာခြင်းမရှိကြောင်းတွေ့ရှိရသည်။ ယင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်လွဲမှားစေနိုင်ပြီး အများပြည်သူက နားလည်မှုလွဲမှားစေနိုင်သည်။

အထူးကိုယ်စားလှယ်ရုံး၏ သတင်းထုတ်ပြန်ချက်သည် ပြည်ပနှင့်ပြည်တွင်းရှိ တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့များမှပေးပို့သော သတင်းမှားများအပေါ်အခြေခံ၍ ဆွေးနွေးတောင်းဆိုမှုများ ဖြစ်သဖြင့်မြန်မာနိုင်ငံဘက်မှ ပကတိဖြစ်ရပ်မှန်များ၊ သတင်းအချက်အလက်အထောက်အထားများ ပြည့်စုံစွာဖြင့် ပြန်လည်ရှင်းပြခဲ့ခြင်းများကို ထင်ဟပ်ဖော်ပြခြင်းမပြုဘဲ ယင်းတို့၏တစ်ဖက်သတ်ပြောကြားမှုများသာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြုသဘောပူးပေါင်းဆွေးနွေးမှုများအပေါ် အနှောင့်အယှက်အဟန့်အတားဖြစ်စေနိုင်သဖြင့် ဆွေးနွေးချက်များကို ပြည့်စုံစွာဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ