နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျောဆော်လမွန်နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျောဆော်လမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့နှင့် အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)အထွေထွေအတွင်းရေးမှူး ကျောယာကုတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်သည့် အခြေအနေများ၊ ထိုသို့အနာဂတ်တွင် တိုင်းရင်းသားများ နိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာစေရေး ကြိုတင်ပြင်ဆင ်ဆောင်ရွက်သင့်သည်များနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ အမျိုးအစားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသ အောက်တွင် အတူတကွ ပေါင်းစည်းနေထိုင်ကြသူများ ဖြစ်သဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပါကတစ်သွေးတစ်သားတည်း၊ တစ်စိတ် တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျောဆော်လမွန်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အဖွဲ့ဝင်များက လက်နက်ကိုင် ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်ပြီး ငြိမ်းချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ငြိမ်းချမ်းရေးဆိုင်ရာ လက်တွေ့တိုးတက်မှုတစ်ခုကို ပုံဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအစိုးရနှင့် တပ်မတော်က ရဲရဲဝံ့ဝံ့ တာဝန်ယူ၍ ဆောင်ရွက်သွားနိုင်မည့် အခြေအနေကောင်း ဖြစ်ပေါ်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်။ ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထားရှိသည့် စစ်မှန်သည့်စေတနာကို ပိုမိုထင်ရှားစွာ သိမြင်လာစေရေး ဆောင်ရွက်နေမှုများ၊ ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်နေချိန်တွင် ဆင်ဖြူရတနာပေါ်ထွန်း လာမှုသည်လည်း နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်၊ နိမိတ်ကောင်းဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက် အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန် အတွင်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် တိုင်းရင်းသားဒေသများ အနေဖြင့်လည်း ယင်းအခွင့်အရေးကို အမိအရရယူပြီး အပြည့်အဝအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်စေလိုသည့် အခြေအနေများ၊ နယ်မြေဒေသတစ်ခုတည်းနှင့် တိုင်းရင်းသား မျိုးနွယ်စုတစ်ခုတည်း၌ပင် မတူညီသည့် သဘောထားအမြင်နှင့် ရပ်တည်ချက်များ ရှိနိုင်မည်ဖြစ်သည့်အတွက် တူညီသော သဘောထားအမြင်များ ရရှိစေရေး ဆွေးနွေးအဖြေရှာ၍ ဒေသမှတဆင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအထိ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ယခုဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုပြီးလျှင်လည်း ရရှိလာသည့် သဘောထားဆန္ဒများအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် နိုင်ငံရေးလမ်းကြောင်းပုံစံအတွက် ကြိုတင်သဘောတူညီ မှုများရယူခြင်း၊ ညှိနှိုင်းခြင်းများအား အချိန်ယူ၍ အသေးစိတ် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်ဘီလီယံ ၃၃၀ အား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ခွင့်ပြုထားပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးကိုယ်စားလှယ်များက လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ် ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။