“အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်သဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတည်းတစ်သားတည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ရှေ့နှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုပေါင်းနေထိုင်ခဲ့သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်ခဲ့ကြပြီး ပြည်ထောင်စုကြီးကို ထိပါးကျူးကျော်လာသူများအား အတူပူးပေါင်းလက်တွဲ၍ တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တောင်တန်း-ပြည်မ သွေးခွဲအုပ်ချုပ်မှုအရ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရပြီး လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများဖြင့် ပြည်ထောင်စုကြီးအရေးကို မရှေးရှုနိုင်သောကြောင့် မငြိမ်းချမ်းမှုများသည် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီဖြစ်သည်။
မငြိမ်းချမ်းခြင်း၏ အကျိုးဆက်များကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ ပြည်သူများမှာ ဆင်းရဲဒုက္ခရောက်ကြရပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်နေခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ရည်ရွယ်၍ ထိုနှစ်ထိုကာလတွင် ငြိမ်းချမ်းရေးခရီး အလှမ်းနီးလာနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် နိုင်ငံတော်အကြီးအကဲနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့ ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများရရှိကာ ဆက်လက်၍ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုလိုလားနှစ်သက်ကြသည်။ အဆိုပါပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားဖိတ်ခေါ်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့အပေါ်တွင်အခြေခံ၍ ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား အဖွဲ့များနှင့်ဆွေးနွေးပြီးပါက အားလုံးနှင့်သဘောတူညီမှုဖြင့် ထာဝရငြိမ်းချမ်းရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
တစ်ဦးနှင့်တစ်ဦးတွင် မတူညီသော သဘောထားအမြင်များရှိကြသည်။ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုတည်းတွင်ပင် မတူညီသော သဘောထားအမြင်များ နှင့်ရပ်တည်ချက်များရှိနိုင်သည့်အတွက် တူညီသော သဘောထားအမြင်များရရှိအောင် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်လာအောင် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ဘီလီယံ ၃၃၀ ကို နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ခွင့်ပြုပေးထားပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအခွင့်အရေးကို အမိအရရယူ၍ မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် အပြည့်အဝအသုံးချနိုင်ရန် လိုအပ်သည်။
တိုင်းပြည်ငြိမ်းချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့်တပ်မတော်က ရဲရဲဝံ့ဝံ့ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ အကောင်းအဆိုး၊ အကြောင်းအကျိုးများကို သဲကွဲစွာမြင်တွေ့လာရပြီဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် နိုင်ငံရေးရည်မှန်းချက်၊ အမျိုးသားရေးရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး အရေးကြီးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်၊ ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ်ထားရှိသည့် စစ်မှန်သောစေတနာကို ပိုမိုထင်ရှားသိမြင်လာကြပြီဖြစ်သည်။
သို့ဖြစ်ရာ အတူတကွစုပေါင်းနေထိုင်လာခဲ့ကြသော တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ရာ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစ်သွေးတည်း တစ်သားတည်း၊ တစ်စိတ်တည်းတစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာဖြင့် အတူပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်