နေပြည်တော် ဩဂုတ် ၂၆
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင်တောင်သူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့်နိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် အဓိကကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါများကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ၏အလယ်အတိုင်း မြောက်မှတောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီး ၄ စင်းတွင် မြစ်လက်တက်များစွာရှိပြီး နှစ်စဉ်ရေက ပေသန်းပေါင်း ၈၇၆ ခန့် ပင်လယ်ထဲသို့ စီးဆင်းဝင်ရောက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အဆိုပါမြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ ခုတို့ တည်ဆောက်ထားပြီး နှစ်စဉ်ပင်လယ်ထဲသို့ စီးဆင်းလျက်ရှိသည့် ရေထုထည်ပမာဏ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို အသုံးပြုလျက်ရှိကြောင်း။
တစ်နိုင်ငံလုံးတွင် သီးနှံမျိုးစုံ စိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး မိုးကောင်းရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင်စိုက်ပျိုးမြေသည် ၂၅ ဒသမ ၅၁၇ သန်းခန့်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးမြေများထဲမှ ရေသွင်းစိုက်ဧရိယာဧက ၆ ဒသမ ၇၁ သန်းရှိသည့်အတွက် သီးနှံမျိုးစုံ စိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ ရာခိုင်နှုန်းကျော်ကို ဆည်ရေပေးဝေလျက်ရှိသည်ကို တွေ့ရကြောင်း၊ ရေအသုံးချမှု စနစ်တကျပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး ၊ စပါး၊ နေကြာ၊ စပါး၊ စပါး၊ နှမ်း၊ စပါး အခြားစပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုးစသည်ဖြင့် မိမိကြိုက်နှစ်သက်ရာသီးနှံများကို ၃ သီး စိုက်ပျိုးသွားနိုင်မည်ဆိုပါက တောင်သူများ၏ လူမှုစီးပွားဘဝသည် များစွာပြောင်းလဲသွားမည်ကို တွေ့မြင်နိုင်ကြောင်း။
စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေမှုလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆည်မြောင်းစီမံကိန်းများကို အလေးထား ရင်းနှီးမြှုပ်နှံပေးလျက်ရှိကြောင်း။
စိုက်ပျိုးရေးဆိုသည်မှာ ရေနှင့်မကင်းကြောင်း၊ စိုက်ပျိုးရေ၊ အောင်ရေမရဘဲ ရာသီသီးနှံများ မဖြစ်ထွန်းနိုင်သကဲ့သို့ ရေမရပါကလည်း မည်သည့်သီးနှံမှ မဖြစ်ထွန်းနိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ဆည်မြောင်းစီမံကိန်းလုပ်ငန်းများဖြစ်သည့် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊ ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေမှုလုပ်ငန်းများ၊ မြေအောက်ရေထိန်း ရေလှောင်တမံ လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခဲ့သည့် ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာနှင့်အဝန်း ရေသယံဇာတများ ဆုတ်ယုတ်ခြင်း၊ ရှားပါးခြင်းများ ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ထို့ကြောင့် လူနှင့်သစ်ပင်၊ တိရစ္ဆာန်များအတွက် မရှိမဖြစ်ဖြစ်သည့် ရေသယံဇာတများကို အကျိုးမဲ့အလဟဿ မဆုံးရှုံးစေရန်နှင့် အနာဂတ်တွင် ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက်အကျိုးရှိစွာ သုံးစွဲခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၏ အင်အားနှင့် ဆောင်ရွက်၍မရဘဲ အားလုံးတစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။
ယနေ့ အခမ်းအနားကို တက်ရောက်လာကြသူများသည် ဆည်ရေကို အသုံးပြုကြသူများဖြစ်ကြောင်း၊ ရေ၏တန်ဖိုးကို ရေအသုံးချသူတိုင်းသိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းပင်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်းပင်ဖြစ်စေ မိမိလေ့လာသုံးသပ်တွေ့ရှိချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းသည် လုပ်ငန်းအောင်မြင်မှုအတွက် အခရာဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေးတွင် မြေဩဇာ(မွေးမြူရေးမှာအစာ)၊ စိုက်ပျိုးရေးနှင့် အောင်ရေ၊ စိုက်နည်းစနစ်တို့ပင်ဖြစ်ကြောင်း၊ ထိုအထဲတွင် အရေးအကြီးဆုံး၊ အဓိက အကျဆုံးမှာ “ရေ” ပင်ဖြစ်ကြောင်း၊ ရေမရှိဘဲ၊ ရေမပြည့်စုံဘဲ အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးရေးကို မရနိုင်ကြောင်း၊ ရေကိုအကျိုးရှိစွာ အသုံးချနိုင်ခြင်းတွင် ကမ္ဘာမှာအစ္စရေးနိုင်ငံသည် အကောင်းဆုံးဟု လေ့လာသိရှိရသည့်အတွက် မိမိတို့လည်း ၎င်းနိုင်ငံမှာ သွားရောက်လေ့လာ သင်ကြားခဲ့သည့် လူသားအရင်းအမြစ်များကို ထိရောက်စွာ အသုံးချ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေအသုံးချနိုင်မည့် စိုက်ပျိုးရေး အင်ဂျင်နီယာပညာရပ်ကို ကျောင်းအသီးသီးတွင် အဆင့်လိုက် ကျယ်ပြန့်စွာသင်ကြားပေးရန်နှင့် ထိရောက်စွာအသုံးပြုရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းမှာ တည်ဆောက်ထားသည့် ဆည်မြောင်းတာတမံများက ထုတ်လွှတ်ပေးသည့် စိုက်ပျိုးရေများကိုစနစ်တကျ စီမံခန့်ခွဲအသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားကြီးများကိုယ်တိုင် ထိရောက်စွာပါဝင်ကြရန် လိုအပ်ကြောင်း။
အဓိကသီးနှံဖြစ်သည့် စပါးတစ်ဧက အောင်မြင်စွာဖြစ်ထွန်း အောင်မြင်ရန်အတွက် မြေအမျိုးအစားပေါ် မူတည်ပြီး ပျမ်းမျှရေ လိုအပ်ချက်မှာ ၅ ဧကပေခန့်ဖြစ်သည့်အတွက် ရေဂါလန်အားဖြင့် ၁၃ ဒသမ ၅ သိန်းဂါလန် လိုအပ်သည်ဟု ပညာရှင်များကပြောကြောင်း၊ အထူးသဖြင့် နွေရာသီရေခမ်းခြောက်ချိန်၊ ရှားပါးချိန်တွင် ရေကုန်သက်သာစေရန်နှင့် ရေအလေအလွင့် မရှိစေရန်အတွက် နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များကို ကြံဆသုံးစွဲကြရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ရေအလေအလွင့်နည်းပါးစေသည့် ရေပက်ဖျန်းသည့်စနစ် (Sprinkler)၊ အစက်ချရေပေးသည့်စနစ် (Drip Irrigation) အမျိုးမျိုးကို သီးနှံနှင့် ရေမြေအခြေအနေပေါ် မူတည်အသုံးပြုပြီး စိုက်ပျိုးရေကို ထိထိရောက်ရောက် အကျိုးအရှိဆုံး အသုံးပြုကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေချိုးရာတွင် ရေပုန်းဖြင့်ချိုးခြင်း၊ ရေခွက်ဖြင့်လောင်းချိုးခြင်းထက် ရေပန်းနှင့်ချိုးခြင်းက ရေကုန်ကျမှုကို သက်သာစေနိုင်သည်ကို မြင်တွေ့နိုင်ကြောင်း။
ယခု တောင်သူအများစု ဆောင်ရွက်နေကြသည့် ဆည်ရေသောက်လုပ်ငန်းတွင် “ခွက်ဆင့်သောက်” လမ်းကြောင်းအလိုက် ရေပေးသွင်းခြင်း (Furrow Irrigation) ကိုသာ ကျင့်သုံးနေမည်ဆိုပါက လေလွင့်ဆုံးရှုံးမှု များစွာဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မိမိလယ်အတွင်း လယ်ကြားမြောင်းစနစ်များကို သေချာစွာပြုပြင်မွမ်းမံမှု မရှိခြင်းနှင့် ပင်မမြောင်းကြီးမှသွားသည့် မြောင်းလက်တံအဆင့်ဆင့်ကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် တန်ဖိုးရှိသည့်ရေများ လေလွင့်မှုမဖြစ်စေရန် အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
အလားတူ ရေပေးမြောင်းများတစ်လျှောက် ရေစိမ့်ဝင်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် လိုင်နင်စီခြင်းကိုလည်း ဓနအင်အားပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းဖြင့်လည်း ရေလေလွင့်မှုနည်းပါးအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တူးမြောင်းများတွင် လိုင်နင်စီခြင်းအားဖြင့် ရိုးရိုးသားမြောင်းများထက် ရေလေလွင့်မှု ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းသက်သာသွားစေမည်ဖြစ်ကြောင်း။
ယခုနောက်ပိုင်း ကုန်ကျစရိတ်သက်သာသည့် Poly Ethylene လို ပလတ်စတစ်အစများကို အသုံးပြုလာနိုင်ပြီဖြစ်သည့်အတွက် ရေပေးမြောင်းများကို လိုင်စင်ပြုလုပ်ပါက ဆောင်ရွက်ရန်လွယ်ကူပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သည့်အပြင် ရေသွယ်ယူရာတွင် လေလွင့်ဆုံးရှုံးမှုမရှိသလောက် နည်းပါးသွားစေမည်ဖြစ်ကြောင်း၊ မိမိတို့ စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံပုံစံ အမျိုးအစား၊ စိုက်ပျိုးသည့် မြေအခြေအနေတို့အပေါ် မူတည်ပြီး ရေအလေအလွင့် နည်းပါးနိုင်မည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ရေပေးဝေသည့်မြောင်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှုစနစ်များ တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာတောင်သူများ စုဖွဲ့ကာ ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် သက်ဆိုင်ရာ ရေသောက်မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG) များကို ဖွဲ့စည်းခြင်း၊ အဆိုပါအဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ပိုမိုကျယ်ပြန့် အားကောင်းလာစေရန် ရေအသုံးချသူများအသင်း (Water User Association-WUA) အဖြစ်သို့လည်း အဆင့်မြှင့်တိုးချဲ့ ဖွဲ့စည်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း။
ထိုသို့ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဆည်ရေပေးဝေမှုကဏ္ဍ၌ သက်ဆိုင်ရာဌာနများနှင့် ရေအသုံးချသူတောင်သူများ ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (Participatory Irrigation Management- PIM)" တည်ထောင်ခြင်းဖြစ်ကြောင်း။
ယခုစနစ်တွင် တောင်သူများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်ရသည့်အတွက် တောင်သူအချင်းချင်းကြား ရေကြောင့်ဖြစ်ပွားရသည့် ပဋိပက္ခများ ကင်းဝေးခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ရေအလေအလွင့်နည်းပါးပြီး ဆည်ရေစိုက်ဧရိယာ ပိုမိုတိုးချဲ့ ပေးဝေလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာစေမည်ဖြစ်ကြောင်း။
ဆည်ရေပေးဝေမှုစနစ်များတွင် တောင်သူများအနေဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းပြီး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်သည့် အလေ့အထများ ဖြစ်ပေါ်လာမည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍများတွင်သာမက မိမိတို့၏လူမှုစီးပွားဘဝ တိုးတက်ရေး လုပ်ငန်းများကိုပါ စုပေါင်းဆောင်ရွက်လာနိုင်ကြမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အကျိုးတူ လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ရာ၌ယခုကဲ့သို့ အသင်းအဖွဲ့များဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော်အနေဖြင့် လာမယ့်ရာသီမှစပြီး နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ၅ သိန်းကို အကျိုးတူ လယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ ကျပ်ဘီလီယံ ၂၃၀ မတည်ထူထောင်ပေးထားပြီးဖြစ်သည်ကိုလည်း အသိပေး ပြောကြားလိုကြောင်း။
တောင်သူများအနေဖြင့် ရေအသုံးချသူများအဖွဲ့ အသင်းတို့တွင် ပါဝင်ပြီး အဆိုပါ အသင်းအဖွဲ့များမှတစ်ဆင့် နိုင်ငံတော်၏စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိကြသည့် အစိုးရမဟုတ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့ အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့ အစည်းများနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်လာနိုင်ခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း။
ထို့ကြောင့် ရေအသုံးချသူတောင်သူများအား မိမိတို့ကြုံတွေ့နေကြရသည့် အခက်အခဲများ၊ ပြဿနာများကို ပူးပေါင်းညှိနှိုင်း ဖြေရှင်းဆောင်ရွက်တတ်စေရန်၊ ဆည်ရေစီမံခန့်ခွဲမှု နည်းပညာဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် ထွန်းကားလာစေရန်တို့အတွက် ရေအသုံးချသူများအဖွဲ့၊ အဖွဲ့ဝင် တောင်သူများကို သင်တန်းပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေသောက်စနစ်များမှ ရေအသုံးချသူများအဖွဲ့ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး နေပြည်တော်တွင် ဆွေးနွေးပွဲ အခမ်းအနားကို ယခုကဲ့သို့ကျင်းပရခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာတွင် တောင်သူလယ်သမားများ အနေဖြင့်လည်း “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” ဆိုသည့် စကားရပ်နှင့်အညီ လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထို့ကြောင့် ဆည်ရေပေးဝေမှုလုပ်ငန်းများမှာ တောင်သူကြီးများ ကိုယ်တိုင် ပါဝင်စီမံပြီး မိမိတို့၏စုပေါင်းအင်အားများနှင့် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ နိုင်ငံတော်အကျိုးမျှော်ကိုးပြီး သာယာဝပြော၍ စားရေရိက္ခာပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်အဖြစ် ရပ်တည်နိုင်အောင် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်မှု Video မှတ်တမ်းကို ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် နိုင်ငံတစ်ဝန်းရှိ ရေအသုံးချသူများ အဖွဲ့ခေါင်းဆောင် တောင်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ရေအသုံးချသူများအဖွဲ့ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းပြခန်း၊ ငလိုက်ရေလှောင်တမံ ဆည်ရေသောက်စနစ်ပြခန်း၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းပြခန်း၊ ဘူမိဗေဒဌာနခွဲမှ မြေအောက်စူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသော စက်ကိရိယာများပြခန်း၊ ရေလှောင်တမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်ပြခန်း၊ နေရောင်ခြည်စွမ်းအင်သုံး အနိမ့်တင်၊ အမြင့်တင် ရေစုပ်စက်များဖြင့် ရေတင်ယူခြင်းပြကွက်၊ စက်မှုလယ်ယာဦးစီးဌာန၏ စက်မှုလယ်ယာစနစ်တကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းပြခန်း၊ ပတ်လည်ရေဖျန်းစနစ်ဖြင့် စိုက်ခင်းများ ရေပေးဝေခြင်း ပြခန်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝမြေဩဇာထုတ်လုပ်မှု ပြခန်းများနှင့် ပြင်ပပြကွက်များ၌ ရေစုပ်စက်ကိရိယာများ၊ ရေဖျန်းစက်ကိရိယာများ၊ လယ်ယာသုံးစက်ကိရိယာများ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း) မှထုတ်လုပ်သည့် နေရောင်ခြည်စွမ်းအင်သုံးရေပန့် စနစ်၊ Head Mist Sprinkler ရေမှုန်ဖျန်းကိရိယာ Water Supply Flimpipe (Drip) ရေ အစက်ချကိရိယာ Rootzone Mini-Sprinkler အသေးစားအမြစ်ဇုန်ရေဖျန်းကိရိယာများ အသုံးပြု၍ သီးနှံများစိုက်ပျိုးထားရှိမှုများ၊ အမြင့်တင်နှင့် အနိမ့်တင် ရွေ့လျားဆိုလာစနစ်သုံး ရေတင်စနစ်၊ ရေစီးနှုန်းတိုင်းကိရိယာ Global Water Flow Probe ဖြင့် တိုင်းတာဆောင်ရွက်မှု၊ တူးမြောင်းများ အမျိုးအစားအလိုက် လိုင်နင်စီခြင်း သရုပ်ပြသထားမှုများ၊ ရေထိန်းညှိရေတံခါးများ တပ်ဆင်၍ ရေပေးဝေမှု သရုပ်ပြသမှုများနှင့် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများကို အထောက်အကူပြုစေရန်၊ စနစ်တကျ တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်တမံရေတင်လုပ်ငန်းများမှ ရေများကို စိုက်ကွင်းများအရောက် အသုံးပြုရာတွင် အလေအလွင့်အနည်းဆုံးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး အထောက်အကူပြုစေရန်၊ ရေစီမံခန့်ခွဲမှုတွင် ရေအသုံးချ သူများကိုယ်တိုင် ပူးပေါင်းပါဝင်စီမံခန့်ခွဲသည့်စနစ်သို့ မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်၊ ရေအသုံးချသူများအဖွဲ့ (WUG)မှ ရေအသုံးချသူများအသင်း(WUA)များ မြှင့်တင်ဖွဲ့စည်းပြီး ဆည်ရေစီမံခန့်ခွဲမှုကို တောင်သူများသို့ လွှဲပြောင်းနိုင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ရေအသုံးချသူများအသင်း (WUA)များတွင် တက်ကြွစွာပါဝင်ရေး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုထွန်းကားလာစေရန် ရေစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် ရေအသုံးချသူများအဖွဲ့တို့၏ အခန်းကဏ္ဍအရေးပါမှုနှင့် ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုရန်၊ အသင်းအဖွဲ့များ အားကောင်းလာပါက အဖွဲ့ဝင်တောင်သူများ အချင်းချင်းညှိနှိုင်း၍ တူညီသည့် သီးနှံပုံစံရွေးချယ်ပြီး စိုက်ပျိုး ရိပ်သိမ်းချိန် တူညီစွာ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးနိုင်ခြင်းကြောင့် ဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်လာနိုင်ပြီး အသင်းအဖွဲ့အနေဖြင့် ခိုင်မာသောဈေးကွက်များနှင့် ချိတ်ဆက်၍ ဝင်ငွေတိုးတက်ရရှိလာစေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများဖြန့်ဝေပေးနိုင်ရန်၊ WUG/WUA များ ဖွဲ့စည်းပြီး တောင်သူများ ပူးပေါင်းပါဝင်မှုဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင်တောင်သူ ၂၀၀ ဦးတက်ရောက်ကြပြီး တောင်သူ ၂၅၀ ဦးက Online Virtual ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲ တက်ရောက်လာသည့် ရေအသုံးချသူများအဖွဲ့ခေါင်းဆောင် တောင်သူများနှင့် အဖွဲ့ဝင်တောင်သူများသည် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် တက်ရောက်ပါဝင်ဆွေးနွေးခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းနှင့် စိုက်ပျိုးရေး သုတေသနဆိုင်ရာပို့ချမည့် သင်တန်းများသို့လည်းကောင်း၊ ဆည်ရေစီမံခန့်ခွဲမှုနှင့် ရေအသုံးချသူတောင်သူများ၏ အခန်းကဏ္ဍနှင့် စိုက်ပျိုးသီးနှံနှင့် မြေအသုံးချမှုဆိုင်ရာ အသိပညာများပို့ချမည့် သင်တန်းများသို့လည်းကောင်း လေ့လာတက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။