Skip to main content

ဆည်ရေကိုစနစ်တကျအသုံးချ သီးထပ်သုံးသီးစိုက်ပျိုး

လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ပြီး စားရေရိက္ခာလည်း ပေါများနိုင်မည်။ မိမိတို့နိုင်ငံတွင် သီးနှံမျိုးစုံစိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ရာခိုင်နှုန်းကျော်မှာ ဆည်ရေသောက်စိုက်ပျိုးဧရိယာများဖြစ်သည်။ ၎င်းဆည်ရေသောက် စိုက်ပျိုးဧရိယာများနှင့်စပ်လျဉ်း၍ “ရေအသုံးချမှုစနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး/စပါး၊ နေကြာ၊ စပါး/စပါး၊ နှမ်း၊ စပါး/စပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ သီးနှံများကို သုံးသီးစိုက်ပျိုးသွားနိုင်မည်ဆိုပါက တောင်သူများ၏လူမှု စီးပွားဘဝသည် များစွာပြောင်းလဲသွားမည်ကို တွေ့မြင်နိုင်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆည်ရေသောက်ဧရိယာများတွင် စိုက်ကွင်းများဆီသို့ ဆည်ရေပေးသွင်းရယူကြရာ၌ စနစ်တကျ မျှမျှတတရရှိရေး၊ ရေအလေအလွင့်လျော့နည်းစေရေး၊ စိုက်ပျိုးရေနှင့် စပ်လျဉ်းသည့် ပဋိပက္ခများ ကင်းဝေးစေရေးစသည့် ကောင်းကျိုးရလဒ်များရရှိနိုင်စေရန် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)၊ ရေအသုံးချသူများအသင်း (Water User Association-WUA) တို့ကိုဖွဲ့စည်းကာ ဆည်ရေစီမံခန့်ခွဲမှုတွင် ဌာနဆိုင်ရာများနှင့်အတူ တောင်သူများ ပါဝင်ဆောင်ရွက်သည့် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” ကို တည်ထောင် အကောင်အထည်ဖော်လျက်ရှိပြီဖြစ်သည်။ ရေအသုံးချသူများအဖွဲ့ (WUG)၊ ရေအသုံးချသူများအသင်း (WUA)တို့ကို ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည့် တောင်သူများဖြင့် ဖွဲ့စည်းကာ ဆည်ရေကို စနစ်တကျစီမံခန့်ခွဲခြင်းနှင့်အတူ ညှိနှိုင်းတိုင်ပင်လုပ်ကိုင်ခြင်း၊ တစ်ကွင်းတည်း တစ်စပ်တည်း သီးနှံပုံစံတူစိုက်ပျိုးနိုင်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ရိတ်သိမ်းနိုင်ခြင်း၊ သီးထပ်ကိုနှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးကုန်ထုတ်တိုးမှုနှင့်အတူ တောင်သူတို့၏ လူမှုစီးပွားဘဝများလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။

“ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” သည် သက်ဆိုင်ရာဌာနနှင့် တောင်သူများ ဟန်ချက်ညီညီ ကိုယ်စီတာဝန်များဖြင့် အတူတကွ ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်သည် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အခက်အခဲများ တွေ့ကြုံပါကလည်း အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်ကြမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် စိုက်ပျိုးရေးအတွက် အဖိုးတန်ရေကို အလေအလွင့်အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်း၊ ဆည်ရေပေးရေးစနစ်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းများတွင်လည်း စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဆည်ရေသောက် စိုက်ဧကများတွင် ရေကိုစနစ်တကျ အသုံးချကာဒေသနှင့် ကိုက်ညီသည့် စီးပွားရေးတွက်ခြေကိုက်မည့် စပါး-ပဲ-စပါး၊ စပါး-နေကြာ-စပါး၊ စပါး-နှမ်း-စပါး စသည်ဖြင့် နှစ်သက်ရာ သီးနှံပုံစံများကိုရွေးချယ်၍ သီးထပ်သုံးသီး စိုက်ပျိုးကြကာ ပဒေသာမြေမှာ ပေါက်နိုင်ကြပါစေကြောင်း။ ။