ကုလသမဂ္ဂအဖွဲ့ကို ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးစကာလ ၁၉၄၅ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာပေါ်တွင် စစ်ပွဲများတားဆီးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း ၅၁ နိုင်ငံ၏ သဘောတူညီချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ကောင်းမွန်သော ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး ကုလသမဂ္ဂပဋိညာဉ်ကို လေးစားလိုက်နာကာ အစဉ်အဆက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ကုလသမဂ္ဂအဖွဲ့ကြီးသည် စတင်ဖွဲ့စဉ်ကတည်းက ကောင်းမွန်သောရည်ရွယ်ချက်နှင့် လိုက်နာအပ်သည့် ပဋိညာဉ်များ ပြဋ္ဌာန်းထားပြီး ကမ္ဘာ့နိုင်ငံများအပေါ်တွင် တရားမျှတမှုရှိစွာဖြင့် ထိတွေ့ဆက်ဆံ ဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း လက်တွေ့တွင် ရည်ရွယ်ချက်များ၊ ပဋိညာဉ်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို ကမ္ဘာပေါ်ရှိ အားနည်းသည့်နိုင်ငံများ၏ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာ၌ တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် ကောင်းမွန်သည့် ရည်ရွယ်ချက်၊ လုပ်ငန်းလမ်းစဉ်များဖြင့် ဆောင်ရွက်ရန်ဖြစ်သော်လည်း ကုလသမဂ္ဂအဖွဲ့ကြီး ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့ပေးထားသောနိုင်ငံများအား ရှောင်လွှဲ၍ လုပ်ဆောင်နိုင်စွမ်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းပြီးသည်မှစ၍ မျက်မှောက်ကာလအထိ အဖွဲ့ကြီးက မလွန်ဆန်နိုင်သည့် နိုင်ငံများအလိုအတိုင်း ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံများကိုယ်စား ဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းဖြစ်သော်လည်း ဘက်လိုက်မှုများနှင့် ရုပ်ပြသဏ္ဌာန်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ တရားမျှတမှုမရှိသော၊ ဘက်လိုက်ခဲ့သော ဆောင်ရွက်ချက်များကို သမိုင်းကြောင်းတွင် လေ့လာကြည့်ပါက သိရှိနိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ၏ မလွန်ဆန်နိုင်သော အကြောင်းတရားများအရ မြန်မာနိုင်ငံအရေးတွင် တရားမျှတစွာ ရပ်တည်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဖိအားအမျိုးမျိုးပေးနေရသည်ကို ထင်ရှားစွာ တွေ့မြင်နေရပေသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်က ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့က နှစ်ပတ်လည်အဖြစ် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ဤသို့ထုတ်ပြန်ကြခြင်းသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးနိုင်ရန် တမင်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည်မှာ အထင်အရှားဖြစ်ပေသည်။ ကြေညာချက်၌ ပါရှိသောအချက်အလက်များမှာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံအရေးကိုဘက်လိုက်၍ တစ်ဖက်သတ်ရပ်တည်ချက်ဖြင့် ပြည်တွင်းရေးတွင် စွက်ဖက်လာသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် ထိုကာလက ပေါ်ပေါက်ခဲ့သည့်ဖြစ်ရပ်သည် ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ပြိုင်တည်းတိုက်ခိုက်မှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် တစ်ဖက်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ထွက်ခွာမှုဖြစ်ပေါ်လာအောင် ARSA အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုကြောင့် ထွက်ပြေးသွားသည့် ထွက်ခွာသူ အရေအတွက်ကိုလည်း မမှန်မကန် ချဲ့ကားဖော်ပြထားသည်။ မြန်မာအစိုးရက နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီး စနစ်တကျ ပြန်လည်လက်ခံခဲ့သည်။ သို့သော် ပြန်လည်လက်ခံရာ၌ သမိုင်းတွင်မရှိခဲ့သည့် လူမျိုးတစ်မျိုးအမည်အဖြစ် လက်ခံရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စနစ်တကျ စစ်ဆေးပြီးကိုက်ညီသူများကို သင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းအား လူမျိုး၊ ဘာသာမခွဲခြားဘဲ လုပ်ကိုင်ပေးနေသည်။
ကုလသမဂ္ဂအပါအဝင် ပြည်ပမှနိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့သည် မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးပြီး အကျပ်အတည်းဖြစ်အောင် တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ရာ အဆိုပါဖြစ်စဉ်ကိုလည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကိုဖုံးကွယ်ထားခြင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအရေးကို လျစ်လျူရှုထားခြင်း၊ မြန်မာအစိုးရ၏ အပြုသဘောဆောင်ရွက်ချက်ကို အလေးမထားခြင်း၊ ဖိအားပေးဆက်ဆံရန် ရည်ရွယ်ချက်ဖြင့် မမှန်ကန်သည့်ထုတ်ပြန် ကြေညာချက်များသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ရာရောက်နေသဖြင့် ဝိုင်းဝန်းဆန့်ကျင် ပြင်းထန်စွာရှုတ်ချပါကြောင်း။ ။