Skip to main content

နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်သည့် ကြေညာချက်များ

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်၏ ပြော‌ရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့်နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာပယ်ချ၍ ရှုတ်ချလိုက်သည်။ စင်စစ် ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် နိုင်ငံအချို့တို့အနေဖြင့် အမေရိကန်ပြည်ထောင်စုက ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆကီမြို့များပေါ်သို့ အဏုမြူဗုံး ကြဲချခဲ့ခြင်းကြောင့် လူသိန်းနှင့်ချီ၍ တစ်ခဏအတွင်းသေဆုံးခဲ့ရပြီး နှစ်ပေါင်းများစွာ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို ခံခဲ့ရသည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၆ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျင်းပခဲ့သင့်သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရဖိအားပေးရန်ရည်ရွယ်သည့် ကြေညာချက်များ ထုတ်ပြန်ရာတွင် ရည်ညွှန်းခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်သည် ARSA အကြမ်းဖက်သမားများက ၎င်းတို့၏နောက်ကွယ်မှ ကြိုးကိုင်သူများ ချမှတ်ပေးလိုက်သည့် မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ၎င်းတို့တိုက်ခိုက်ခဲ့သည့် နယ်မြေအတွင်းမှ အပြစ်မဲ့တိုင်းရင်းသားပြည်သူများ သေဆုံး၊ ဒဏ်ရာရခဲ့ခြင်းနှင့် အကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့မှာ ကမ္ဘာ့ သတင်းမြင်ကွင်းအားလုံးတွင် ပျောက်ကွယ်နေခဲ့သည်။ တစ်ဖက်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်း၊ နေအိမ်များမီးရှို့ခြင်း စသည်တို့မှာလည်း ARSA အကြမ်းဖက်သမားတို့၏ ဇာတ်ညွှန်းများသာ ဖြစ်ခဲ့သည်။

အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း (Security Outposts) ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရမှုတို့ဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးယူတုံ့ပြန်မှုများကို မဖြစ်မနေ ပြုလုပ်ခဲ့ရသည်။ အကြမ်းဖက်အဖွဲ့အစည်း၏ ရည်ရွယ်ချက်ရှိရှိ အကွက်ချတိုက်ခိုက်မှုအတွင်း တိုင်းရင်းသားများနှင့် ဌာနေဟိန္ဒူဘာသာဝင်များ၏ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ၊ အဓမ္မပြုကျင့်ခံရမှုများ၊ မတော်မတရားမှုနှင့် အကြမ်းဖက်မှုများက ကမ္ဘာ့သတင်းများဆီသို့ ရောက်မလာဘဲ မှိန်ဖျောက်ခံလိုက်ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တုံ့ပြန်တိုက်ခိုက်မှုနှင့် အကြမ်းဖက်အဖွဲ့က နည်းလမ်းမျိုးစုံ ခြိမ်းခြောက်မှုအပါအဝင် ၎င်းတို့နှင့်ဆက်နွှယ်နေမှု၊ ပဋိပက္ခဖြစ်သည့် လူ့အဖွဲ့ အစည်းနှစ်ရပ်အကြား ဆက်လက်နေထိုင်ရန်ကြောက်ရွံ့မှု စသည့်အကြောင်းများကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာမှုများကသာ ကမ္ဘာ့သတင်းဌာနကြီးများ၏ သတင်းများဖြစ်သွား ကြသည်။

ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုနှင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာမှုတို့ဖြစ်ပွားခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ အပြုသဘောဆောင်ရွက်ချက်များစွာရှိခဲ့သည်။ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများကိုလည်း အထောက်အထားများနှင့် စနစ်တကျစိစစ်လက်ခံလျက်ရှိသလို မိမိတို့၏သဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာကြသူများလည်းရှိသည်။ မြန်မာနိုင်ငံဘက်သို့ ပြန်လာလိုကြောင်း အဆိုပြုနေကြသည့် ဟိန္ဒူဘာသာဝင် များစွာလည်းရှိနေသည်။ ဆိုခဲ့ပါဖြစ်စဉ်နှင့် အချက်အလက်များမှာ လာမည့်နှစ်များတွင်လည်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကြေညာချက်များ ထုတ်ပြန်ဦးမည်ဆိုပါက ထည့်သွင်းစဉ်းစားရန် လိုအပ်ချက်များပင် ဖြစ်ပါကြောင်း။ ။