နေပြည်တော် စက်တင်ဘာ ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) အတွင်းရှိ Medical School & Medical Center တို့သို့ သွားရောက် လေ့လာ ကြည့်ရှုသည်။
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Medical School သို့ ရောက်ရှိကြရာ Vice President of Medical Affairs of FEFU Gorgy Dr. Oleg I.Pak နှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် ကျောင်းခန်းမ၌ ဒေသတွင်းနှင့် နိုင်ငံတကာမှ သင်တန်းသားများ ခေါ်ယူ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးဘက်ဆိုင်ရာ ပညာရပ်များကို သင်ကြား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ ဆေးပညာရပ်အပြင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု သင်တန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိမှု၊ တိရိစ္ဆာန်များ အသုံးပြု၍ သုတေသနပြု လေ့ကျင့်ခန်းများ သင်ကြားပေးလျက်ရှိမှု၊ Robotic & Mechanistic နည်းပညာရပ်များ အသုံးပြု၍ ခွဲစိတ်ကုသမှု လေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ သင်တန်းကျောင်းနှင့်အတူ တွဲဖက် ဖွင့်လှစ်ထားသည့် ခုတင် ၂၅၀ ဆန့် ဆေးကုသမှုစင်တာတွင် ဆောင်ရွက်ပေးလျက် ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများ၊ နိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် သင်ကြား လေ့ကျင့်ပေးလျက် ရှိပြီး ကျောင်းမှ ထွက်ပေါ်လာသည့် ထူးချွန် ကျောင်းသား ကျောင်းသူများအနက် စိစစ်၍ နည်းပြများ အဖြစ် ပြန်လည်ခန့်အပ် တာဝန်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ သင်တန်းသားများအား လက်ခံ သင်ကြားပေးလျက် ရှိသည့်နည်းတူ မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်မည်ဆိုပါကလည်း ကြိုဆိုသွားမည် ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က သင်တန်းသားများ စေလွှတ် သင်ကြားနိုင်ရေးနှင့် ပတ်သက်၍ သင်တန်း သားရွေးခြယ်မှု ပုံစံများ၊ အဆင့်မြင့် ဆေးပညာရပ်များ တက်ရောက် သင်ကြားနိုင်မည့် အခြေအနေများ၊ သင်တန်းသားများ လာရောက် တက်ရောက်မည် ဆိုပါက ရရှိနိုင်မည့် အခွင့်အလမ်းများ စသည်တို့နှင့်ပတ်သက်၍ သိရှိလိုသည်များကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် မေးမြန်းဆွေးနွေး ပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကလည်း သင်တန်းသားများ စေလွှတ်နိုင်မည့် အခြေအနေများ၊ ဆေးတက္ကသိုလ် အချင်းချင်း၊ ဆေးရုံအချင်းချင်း ဆေးပညာရပ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Medical School အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြရာ ရောဂါအသီးသီး အလိုက် ဖြစ်ပွားမှု အခြေအနေမျိုးစုံကို symbol ပြသနိုင်သည့် simulation လူနာဖြင့် လက်တွေ့ သင်ခန်းစာ ဆောင်ရွက်နိုင်မှု၊ ECG၊ Ultrasound နည်းပညာ၊ Micro Surgical Simulator ဖြင့် အသေးစိတ် ခွဲစိတ်ကုသ လေ့ကျင့်ဆောင်ရွက်နိုင်မှု၊ အသားစများကို နမူနာယူ၍ သုတေသန ပြုမှုများကို ဆောင်ရွက်လျက် ရှိသည့် Biotechnology ဌာနတို့၏ ဆောင်ရွက်နေမှုတို့ကို လိုက်လံရှင်းလင်း ပြသကြသည်။
ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Medical Center သို့ ရောက်ရှိကြရာ Medical Center ၏ ညွှန်ကြားရေးမှူးချုပ် Professor Dr.Igor S. Bryukhovetskiy က Medical Centers ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က Vice President of Medical Affairs of FEFU & Medical Center ၏ ညွှန်ကြားရေးမှူးချုပ် တို့အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ FEFU Campus အတွင်းရှိ Medical Center သည် အကျယ်အဝန်း ၅၃၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ရုရှားနိုင်ငံ အနှံ့အပြားနှင့် နိုင်ငံရပ်ခြားမှ လာရောက်တာဝန် ထမ်းဆောင်သည့် ပါရဂူ၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ဝန်ထမ်း ၂၀၀ ဦးခန့်ရှိကြောင်း၊ FEFU Medical Center တွင် ဆေးဘက်ဆိုင်ရာ ဌာနကြီး ၁၄ ခုထားရှိပြီး ရောဂါအမျိုးမျိုးတို့အား ကုသပေးလျက် ရှိကြောင်း သတင်းရရှိသည်။