Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ တက်ရောက် ပါဝင်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU)၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ ယနေ့ညနေပိုင်းတွင် ပါဝင်တက်ရောက် ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယား နိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေး နည်းပညာ အသုံးပြု အဆင့်မြှင့်တင်၍ ကုန်စည်သင်္ဘောများချိတ်ဆက် သွားလာနိုင်မည့် ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် လူသားများ အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy)ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှုရှိရေး (Food Security) သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိလူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင်ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်များစွာ တိုင်အောင် အဓိပ္ပာယ်ဖွင့်ဆို ခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security)သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

စားနပ်ရိက္ခာလုံခြုံရေး (Food Security)တွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီး ဖြစ်လာသည့်ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့အပြင် တိုက်ရိုက်ကုန်စည်ဖလှယ်မှုစနစ် (Barter System)ကိုလည်း ဒေါ်လာအစားထိုး ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း။

နိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာလုံခြုံရေးကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရာ၌ လုံလောက်သော စားနပ်ရိက္ခာပမာဏ ရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်သော စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံရန်လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ခုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်မည်ဆိုပါက အဆိုပါနိုင်ငံကို စားနပ်ရိက္ခာ ပြည့်စုံကုံလုံသော နိုင်ငံအဖြစ် မှတ်ယူနိုင်မည်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် ပတ်သက်၍ အဓိက စိန်ခေါ်နေသည့် အချက်များမှာ လူဦးရေတိုးမြင့်လာခြင်း၊ စားနပ်ရိက္ခာလိုအပ်ချက် (Demand) မြင့်တက်လာခြင်း၊ စားနပ်ရိက္ခာဈေးနှုန်း အပြောင်းအလဲများရှိခြင်း၊ စိုက်ပျိုးသီးနှံပင် မျိုးစိတ်များရှားပါးလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ရေနှင့်စိုက်ပျိုးမြေ ရှားပါးလာခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် စားနပ်ရိက္ခာပြုန်းတီးမှုနှင့် ဖြုန်းတီးမှုများရှိနေခြင်းတို့ပင် ဖြစ်ပါကြောင်း။

ကမ္ဘာ့လူဦးရေသည် လွန်ခဲ့သည့်နှစ်များအတွင်း တိုးပွားလာခဲ့ပြီး လူသားများ သက်တမ်းကြာရှည်စွာ ရှင်သန်နေထိုင်နိုင်မှု မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ သုတေသီများနှင့် ပညာရှင်များကလည်း ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၈.၅ ဘီလီယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉.၇၃ ဘီလီယံနှင့် ၂၁၀၀ ပြည့်နှစ်တွင် ၁၀.၄ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ လူတိုင်းအတွက် စားရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် အဓိကကျပါကြောင်း၊ ဝတ်ရေး၊ နေရေးသည် နေ့စဉ် လိုအပ်ချက်မဟုတ်ပါကြောင်း၊ ထို့ကြောင့် စားရေးကို အဓိကထား ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဦးရေတိုးမြင့်လာခြင်းနှင့်အတူ စားနပ်ရိက္ခာလိုအပ်မှု (Demand) သည်လည်း အချိုးကျမြင့်တက်လာမည်ဖြစ်ပြီး အထူးသဖြင့် ဆန်၊ ဂျုံ အစရှိသည့် အခြေခံစားကုန်များ၊ ဆီနှင့်ဆီထွက်သီးနှံများ၊ အသားနှင့် အသားထွက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် အသီးအနှံများ၏ ဝယ်လိုအားသည်လည်း သိသာစွာ မြင့်တက်လာမည် ဖြစ်ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှဒေသသည် သဘာဝပထဝီဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိနေသည့် အားလျော်စွာ အင်ဒို-ပစိဖိတ်ဒေသကြီးတွင် အရေးပါသောနေရာမှ ပါဝင်နေလျက် ရှိပါကြောင်း၊ ထို့အတူ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(ASEAN)၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံပါဝင်ပြီး လူဦးရေ စုစုပေါင်း ၆၆၀ သန်းကျော် မှီတင်းနေထိုင်လျက် ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အဓိကစားကုန်များဖြစ်သည့် ဆန်စပါး မက်ထရစ်တန်ချိန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန်ချိန် ၄၅ သန်းကျော်၊ ကြံ မက်ထရစ် တန်ချိန် ၁၄၄ သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန်ချိန် ၇၉ သန်းကျော် စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြေခံစားသောက်ကုန်များအား ပမာဏအမြောက်အမြား ထုတ်လုပ်နိုင်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်မှု တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံနီးပါးရှိခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံခန့်သာရှိပြီး အာဆီယံပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်သည့်အတွက် အာဆီယံပြင်ပကုန်သွယ်မှုသည် သိသိသာသာပိုများသည်ကို တွေ့နိုင်ပါကြောင်း။

အာဆီယံဒေသကြီးတွင် အသားတင်စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃၉ သန်းကျော်ရှိပြီး အဓိကဆန်စိုက်ပျိုးသည့် နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်စိုက်ပျိုးနိုင်မှုသည် ဟက်တာ ၂၃ သန်းကျော်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းမြေအားလုံးတွင် ဆန်စပါးစိုက်ပျိုးမှု ရာသီမရွေးဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အရင်းအမြစ်ကောင်းများဖြစ်သည့် စိုက်ပျိုးမြေနှင့် သဘာဝသစ်တော ဧရိယာများ၊ သဘာဝမြစ်ချောင်း အင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃ သန်းကျော်ရှိပြီး ဆန်၊ ပဲနှင့် ပြောင်းကို အဓိကတင်ပို့သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်များစွာရှိသည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင် နှမ်းနှင့် ဝါသီးနှံတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ရိက္ခာထုတ်လုပ်ရန်အတွက် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံကောင်းမွန်ရန်လိုအပ်ပြီး အဓိကမှာ အပင်များအတွက် မြေဩဇာနှင့် ထွန်ယက်စိုက်ပျိုးရန်အတွက် ဒီဇယ်ဆီလည်းလိုအပ်ပါကြောင်း၊ ထို့ကြောင့် မိတ်ဆွေနိုင်ငံများမှ ကူညီဖြည့်တင်းပေးနိုင်မည်ဆိုပါက စိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ၂ ဆခန့် တိုးမြှင့်နိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှု (Food Security)အတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အခွင့်ကြုံခိုက် ပြောကြားလိုပါကြောင်းနှင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ လုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက် ၈ ကွက်မှာ သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်ပြီး ပြည်တွင်း၊ ပြည်ပတင်ပို့ ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိတွင်လည်း ဘင်္ဂလားပင်လယ်အော် အတွင်း၌ သဘာဝဓာတ်ငွေ့ ၂ ထရီလီယံကုဗပေကျော်တွေ့ရှိခဲ့ပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည် ဖြစ်ပါကြောင်း၊ အလားတူ ထိုထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများလည်း တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြောကြားလိုပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ရှာဖွေဖော်ထုတ်ခြင်း မပြုရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များစွာ ကျန်ရှိနေပါသေးကြောင်း၊ အလားတူ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုများလည်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည့် ထုတ်လုပ်မှုလုပ်ငန်းများရှိပါကြောင်း။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့်ရေထွက်ကုန် ပစ္စည်းများတင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် အခြားသော ရေနံထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံမှတင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုမိုတိုးမြှင့်နိုင်မည်ဆိုပါက မိမိတို့နှစ်နိုင်ငံအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယခုဖိုရမ်သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီ သိုလှောင်ကန်နှင့် အခြားအခြေခံအ‌ဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရာဘာအခြေခံ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သတင်းအချက်အလက် နည်းပညာနှင့်ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများ၊ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် အခြားပြည်ပ ကုန်သွယ်ရေးအတွက်ကိုလည်း အခွင့်အလမ်းများစွာ ပေးအပ်နိုင်စွမ်းရှိသည်ကို ပြောကြားလိုပါကြောင်း။

ယခုကျင်းပပြုလုပ်သည့် Eastern Economic Forum-2022 ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များသည်လည်း ယူရေးရှားဒေသတွင်း မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးအား ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံများ ပြုလုပ်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံ ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်း ယန္တရားများရှိလာမည်ဖြစ်ကာ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် အရှေ့ပိုင်းဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကိုလည်း တွန်းလှန်နိုင်မည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်းနိုင်ငံများအကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးအား တည်ထောင်နိုင်ခြင်းဖြင့် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်သော နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု (International North South Transport Corridor-INSTC)ကို ဖော်ဆောင်နိုင်မည်ဖြစ်ရာ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ ထွန်းကားလာမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအရ တည်ငြိမ်မှုရှိရေးကိုလည်း ပို၍ခိုင်မာအားကောင်းလာစေမည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်း အင်အားတောင့်တင်းခိုင်မာသည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အာဆီယံ၊ BIMSTEC အဖွဲ့တို့အနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးအား ထူထောင်ခြင်းအားဖြင့် မိမိတို့မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပေးရာရောက်မည်ဟု ယုံကြည်ပါကြောင်း။

မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာလျက် ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သင့်တော်သော ဒေသတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံ အဖွဲ့သည်လည်း အာရှ-ပစိဖိတ်ဒေသတွင်း၌ အချက်အချာကျစွာ တည်ရှိနေသည့် အားလျော်စွာ ဒေသတွင်း သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဦးဆောင်နိုင်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ ထို့အပြင် အာဆီယံသည် မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုအကြားတွင်ရှိနေပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေသည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းများသည်လည်း အရှေ့တောင်အာရှဒေသမှ တစ်ဆင့် ဖြတ်သန်းဆောင်ရွက်ရလျက် ရှိသဖြင့် အာဆီယံ၏ ဗဟိုချက်မကျမှု (ASEAN Centrality)ကို အထင်အရှား မြင်တွေ့နိုင်ပါကြောင်း။

မိမိသတိပြုမိသည့် အချက်အနေဖြင့် အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ်ပိုင်းသို့ အနီးဆုံးကုန်းလမ်းကြောင်း ၁ ခုနှင့် အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ်အာရှဒေသတို့ကို ဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်း ၁ ခု မဖြစ်မနေ လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် Belt and Road Initiative(BRI)နှင့် ပေါင်းစပ်ဆောင်ရွက် နိုင်ပါကြောင်း၊ အာဆီယံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မိမိတို့ မြန်မာနိုင်ငံသည် ပထဝီဝင်မြေ အနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အနောက်ဥရောပနိုင်ငံများနှင့် အာရှအရှေ့ပိုင်းဒေသများသို့ ကူးလူးဆက်သွယ်ရာတွင် လည်းကောင်း အဓိကကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေချောမွေ့စေရေး လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထုတ်ကုန်များကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာတွင် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိစေမည် ဖြစ်သည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး (Food Security) အတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး ဖိတ်ကြားပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ အခမ်းအနားမှူးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတမစ္စတာဗလာဒီမာ ပူတင်ကလည်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂို လီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့က သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပြီး အရှေ့ဖျားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ အခမ်းအနားမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့က အကြောင်းအရာအများ သဘောထားအမြင်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh တို့ကလည်း Video Message များ ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ အခမ်းအနားမှူး၏ သိရှိလိုသည့် မေးမြန်းမှုများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကအကြောင်းအရာ တစ်ခုခြင်းစီအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယား နိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်သည် ရုရှားအရှေ့ဖျား၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး အရှေ့ဖျားစီးပွားရေးဖိုရမ်အား ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၇) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ရုရှားအရှေ့ဖျားဒေသသည် ယူရေးရှားနိုင်ငံများ၏ အရှေ့အစွန်ဆုံး ဒေသဖြစ်ပြီး အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ်အသုံးချ၍ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းနိုင်မှုအထိ ဦးတည်ဆောင်ရွက်သွားရန် ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အစပြုဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာ တစ်ခုလည်းဖြစ်ကြောင်း၊ ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပခြင်းဖြစ်သည့် အားလျော်စွာ နိုင်ငံအသီးသီးမှ ပါဝင်တက်ရောက်သူများ ရောဂါအန္တရာယ် ကင်းရှင်းစေရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လာရောက်ရာတွင် လည်းကောင်း၊ ဖိုရမ်ကျင်းပရာနေရာနှင့် အရေးကြီးဆွေးနွေးပွဲများသို့ တက်ရောက်ရာတွင် လည်းကောင်း ကျန်းမာရေးဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရပြီး ဖိုရမ်ကျင်းပနေစဉ်အတွင်း WHO မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကန့်သတ်ချက်များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၉၀ ကျော်မှ ကိုယ်စားလှယ်များ၊ သံအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။