Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) တက္ကသိုလ် ပါမောက္ခချုပ်နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ    ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University(FEFU) တက္ကသိုလ် ပါမောက္ခချုပ် Mr. Boris Nikolaevich Korobets နှင့် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ကြပြီး (FEFU) တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ် Mr. Evgeny E. VLASOV တက္ကသိုလ်ဌာန အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Far Eastern Federal University(FEFU) တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာမှ ပညာတော်သင် ကျောင်းသားများ လာရောက်တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်သင်ကြားနိုင်ရေးကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသည့်အခြေအနေများ၊ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ကျင်းပစဉ် “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း ကောင်းများ” ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဆွေးနွေးပြောကြားခဲ့မှုအပေါ် FEFU တက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် သုံးသပ်ထင်မြင် မှုများနှင့် စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍ၏ အရေးပါမှုကို သတိပြုမိခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ ရုရှားနိုင်ငံ၏ အနောက်ဘက်ပိုင်းရှိ တက္ကသိုလ်အများအပြားတွင် အဆင့်မြင့်ပညာများကို သင်ယူလျက်ရှိသည့် အခြေအနေများနှင့် FEFU တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ပညာရပ်များ စေလွှတ်သင်ကြားသွားမည်ဖြစ် သည့် အခြေအနေများ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ကူးလူးဆက်သွယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် ပညာရေးကဏ္ဍတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အစဉ်အဆက် တိုးမြင့်လာနိုင်မည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက်တက်ရောက်မည်ဆိုပါက တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ (FEFU) တက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်(YUFL)တို့အကြား သဘောတူညီမှုတစ်ရပ်ကို မကြာမီလက်မှတ် ရေးထိုးနိုင် မည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် (FEFU) တက္ကသိုလ် ပါမောက္ခချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြသည်။

အဆိုပါ Far Eastern Federal University(FEFU) တက္ကသိုလ် ကို ၁၈၉၉ ခုနှစ် တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၂၃ နှစ် သက်တမ်းကြာမြင့်ပြီဖြစ်သည့် တက္ကသိုလ် ကြီး တစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာပညာရပ် များ၊ စီးပွားရေးဆိုင်ရာ ပညာရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ၊ ပညာရေးဆိုင် ရာ ပညာရပ်များ၊ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပညာရပ်များ၊ ဥပဒေဆိုင်ရာ ပညာရပ်များ၊ ဆေးပညာရပ်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရပ်များကို ပို့ချပေးလျက်ရှိကြောင်း၊ အဆိုပါ တက္ကသိုလ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ထမ်းဌာန၏ လက်အောက် တွင်ရှိကာ ကျောင်းသားပေါင်း ၄၁၀၀၀ ခန့်ရှိကြောင်းသိရှိရပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူ များလည်း တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာတော်သင် သင်တန်းသားများ စေလွှတ်နိုင်မည့် အခြေအနေများအပါအဝင် တက္ကသိုလ်အချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပညာရေးမြှင့်တင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။