Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ရောက်ရှိ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov က ၎င်းတို့ပြည်နယ်မှ နောက်ဆုံးအဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်ကို လေဆိပ်၌လိုက်လံပြသခဲ့ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ထားရှိမှုနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြရာ မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော်များက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုအပေါ် နာယူကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော်ကြီးများက ကျောင်းဧည့်ခန်းမတွင် လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ မြန်မာနိုင်ငံသို့ သာသနာပြုရောက်ရှိခဲ့စဉ် ရှေးဟောင်းဘုရားစေတီပုထိုးများအား ရှေးမူလက်ရာမပြတ်ထိန်းသိမ်းထားရှိမှုနှင့် နေရာဒေသတိုင်းတွင် ဗုဒ္ဓသာသနာတော် ယဉ်ကျေးမှုများကို တွေ့မြင်ခဲ့ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိသည့် အခြေအနေများ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၌ မြန်မာနိုင်ငံမှ ရွှေစည်းခုံပုံတူစေတီတော်ကြီး လာရောက်တည်ထားကိုးကွယ်မှုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပထမဆုံးလာရောက်တည်ထားကိုးကွယ်သည့် ဗုဒ္ဓသာသနာစေတီပုထိုးဖြစ်ပြီး ဗုဒ္ဓသာသနာတော်ထွန်းကားရေးအတွက် များစွာအထောက်အပံ့ဖြစ်စေသည့် အခြေအနေများနှင်ပတ်သက်၍ မိန့်ကြားတော်မူသည်။

ဆရာတော်ကြီး၏ မိန့်ကြားမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး အခြားသော ကိုးကွယ်ရာဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပေးထားသည့် အခြေအနေများ၊ သာသနာတော်ဆိုင်ရာ အဆောက်အဦများကို အထွတ်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များကို ကျောက်စာချပ်များပေါ်တွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်၍ ကျောက်စာရုံစေတီတော်များ တည်ထားပူ‌ဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားတော်မူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာယနဗုဒ္ဓဘာသာခေါင်းဆောင် ဆရာတော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် စုပေါင်းအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီး လက်ခံရယူပြီး ဓမ္မလက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

အဆိုပါ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသည် Ulan-Ude မြို့မှ ၂၃ ကီလိုမီတာအကွာ Buryatia ဒေသ၊ Verkhnyaya Ivolga ရွာအနီးတွင်တည်ရှိပြီး ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် Central Spiritual Board of Buddhists of the USSR ၏ နေရာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံရှိ သံဃာအဖွဲ့အစည်းများအတွက် အသုံးပြုလာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ နေရာသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဌာနချုပ်တစ်ခုကဲ့သို့ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်များနှင့် လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိသည် နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။