ရုရှား-မြန်မာ ရင်းနှီးချစ်ကြည်ဆက်ဆံမှုသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာ၌ ရုရှားသမ္မတက လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်၍ ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် (၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်၍ ထူးခြားသည့် သမိုင်းကြောင်းဆက်ဆံရေးကို ဖော်ဆောင်နိုင်တော့မည်ဖြစ်သည်။ ဖြတ်သန်းလာခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့်၊ အမြင့်မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုမှစတင်၍ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် မြင့်မားတိုးတက်လာသည်။ ရုရှားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင် အစဉ်အလာကြီးမားသောနိုင်ငံ ဖြစ်သည်။ ယခုလက်ရှိ ရုရှားသမ္မတတာဝန်ယူလျက်ရှိသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာခဲ့သည်။
ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံ၏ လွှမ်းမိုးမှုကြီးမားနေသောအချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် ကမ္ဘာ့အရေးကိစ္စမှန်သမျှတွင် သမာသမတ်ကျစွာဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘက်လိုက်မှုများလွှမ်းမိုးနေပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဖိအားပေးနေသောကာလ၌ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာဖြင့် ရိုင်းပင်းကူညီ လက်တွဲဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည်မှာ မိတ်ဆွေကောင်းပီသသည့် နိုင်ငံအဖြစ် ပေါ်လွင်ထင်ရှားပေသည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅)နှစ်မြောက် ကာလကို ထူးထူးခြားခြားအသိအမှတ်ပြုနိုင်ရန် ဆုံးဖြတ်ထားသည်။ လက်ရှိတွင် အရပ်ဘက်၊ စစ်ဘက်ပူးပေါင်းဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်လာသည့်အလျောက် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာကောင်းများ မြင်တွေ့နေရသည်။ ယခုအခါ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်လာနိုင်သည့်အတွက် နှစ်နိုင်ငံအကျိုးစီးပွားအတွက်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လက်တွေ့ ဖော်ဆောင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် အခြားသောရေနံထွက်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်းလျက်ရှိသည်။ ယခုအခါ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက် နေပြီဖြစ်၍ နှစ်နိုင်ငံအကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည်။ ရုရှားနိုင်ငံနှင့် ခိုင်မာသော ဆက်ဆံရေးကိုထူထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ပံ့ပိုးပေးရာရောက်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသဖြင့် မြန်မာနိုင်ငံပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အကောင်းဆုံးဒေသဖြစ်လာသည်။
ယခုအခါ အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ်ပိုင်းသို့ အနီးဆုံးကုန်းလမ်းကြောင်းတစ်ခုနှင့် အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ်အာရှဒေသကိုဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်း လိုအပ်လာသည်။ တရုတ်နိုင်ငံမှဆောင်ရွက်နေသော Belt and Road Initiative (BRI)နှင့် ပေါင်းစပ်ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့်ဆက်ဆံရေး တိုးမြှင့်နိုင်ခြင်းသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ အတွက်ပါ အထောက်အကူပြုသည်။ ဖော်ပြပါ ဆက်သွယ်ရေးလမ်းကြောင်းတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ အနောက်ဥရောပနှင့် အာရှအရှေ့ပိုင်းသို့ ကူးသန်းဆက်သွယ်ရာတွင် လည်းကောင်း အချက်အချာကျသောနေရာတွင်တည်ရှိသည်။
သို့ဖြစ်ရာ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မြင့်မားလာမှုနှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစပြုဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံများပူးပေါင်းဆောင်ရွက်လာနိုင်သဖြင့် ဒေသတွင်းလုံခြုံမှုနှင့် ကုန်သွယ်စီးပွား ဖွံ့ဖြိုးတိုးတက်မှုတို့ မြင့်မားလာမည်ဖြစ်ရာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုကာလတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။