Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာ လေ့လာရေးအင်စတီကျူ့ ဆိုက်ဘေးရီးယားဌာနခွဲ၊ နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယား ဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှု လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude မြို့ရှိ ဆိုဗီယက်ရင်ပြင်သို့ ရောက်ရှိလေ့လာကြရာ Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက ရှင်းလင်းပြောကြားခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းဝင်အမျိုးသား ခေါင်းဆောင်ကြီး လီနင်၏ ဦးခေါင်းပုံရုပ်တုရှေ့တွင် မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာလေ့လာရေးအင်စတီကျူ့ ဆိုက်ဘေးရီးယားဌာနခွဲသို့ ရောက်ရှိကြရာ အကယ်ဒမီမှ Director ဖြစ်သူ Mr.Bazarov Bois Vandanovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အကယ်ဒမီအတွင်း လှည့်လည်၍ ရှေးဟောင်းဘာသာ စာပေယဉ်ကျေးမှု အနုပညာများ၊ ပန်းချီများ၊ တိဘက်လက်ရေးမူဖြင့် ရေးသားထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ပိဋကတ်သုံးပုံတော်လာ အဆုံးအမကျမ်းစာများ၊ ရှေးဟောင်း နက္ခတ္တဗေဒဆိုင်ရာကျမ်းများ၊ တိဘက်၊ မွန်ဂိုဘာသာစကားများ၏ အဆင့်ဆင့်ပြောင်းလဲမှုကို မှတ်တမ်းတင်ထားသည့် စာပေများ၊ မြန်မာနိုင်ငံမှ ရရှိထားသည့် ထန်းပုရပိုဒ်အပါအဝင် အခြားသော ရှေးဟောင်းပုရပိုဒ် စာပေများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့အား လိုက်လံရှင်းလင်း ပြသကြသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိတ်ပါဝင်စားစွာဖြင့် လေ့လာခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာရောဂါကုသမှုဌာနသို့ ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ကြီး Ms. Ludupova Evgenya နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စက်ကိရိယာများ၏ အသုံးပြုနိုင်မှု စွမ်းဆောင်ရည်များကို လိုက်လံရှင်းလင်း ပြသသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားသိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude မြို့ ရထားပြင်ဆင်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့မှ ပို့ဆောင်ရေးဝန်ကြီး Mr. Olovyannikov Aleksei က အလုပ်ရုံအတွင်း၌ ဆောင်ရွက်လျက်ရှိသည့် မီးရထားခေါင်းတွဲအမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ပြင်ဆင်နိုင်မှုနှင့် စက်ခေါင်းများ၏ စွမ်းဆောင်နိုင်မှုများ၊ အင်ဂျင်ပိုင်းဆိုင်ရာ တပ်ဆင်ရေးလုပ်ဆောင်နေမှုများ၊ ဆက်စပ်ပစ္စည်းများ တပ်ဆင်ရေး ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်း ပြသသည်။ ရှင်းလင်းပြသမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး အလုပ်ရုံရှေ့တွင် အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။