နေပြည်တော် စက်တင်ဘာ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr.lgor Ivanovich Kobzev နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ Irkutsk မြို့ရှိ လေယာဉ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Planti Irkutsk Regional Children's Clinical Hospital နှင့် MBOU Zakharovkaya Secondary School Moscow တို့သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား Irkutsk Aviation Plant-Irkutsk Corporation Branch မှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Veprev Aleksey Alexandrovich နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အလုပ်ရုံအတွင်း လှည့်လည်၍ MC-21 300 ခရီးသည်တင်လေယာဉ်ကြီးများ ထုတ်လုပ်ရန်အတွက် အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် sector များခွဲကာ Robotic system များ၊ Automatic Machine များဖြင့် တပ်ဆင်နေမှုများ၊ ထိုမှတစ်ဆင့် လေယာဉ်ကိုယ်ထည်ပိုင်း၊ တောင်ပံပိုင်း၊ အင်ဂျင်ပိုင်းများကို အဆင့်ဆင့် တပ်ဆင်တွဲဆက်နေမှုများ၊ စက်ခေါင်းခန်းအတွင်း ထိန်းချုပ်မှု System များ၊ အတွင်းပိုင်း အပြင်အဆင်များကို အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိများ၊ လေယာဉ်ထုတ်လုပ်နေမှု အခြေအနေများနှင့် လေယာဉ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ကြံ့ခိုင်ရေးပိုင်းတို့အား စမ်းသပ်စစ်ဆေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့် Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ထုတ်လုပ်ပြီးလေယာဉ်များအား လေ့ကျင့်စမ်းသပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။
အဆိုပါ Irkutsk လေယာဉ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant ကို ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Irkutsk Corporation ၏ လက်ခွဲတစ်ခုဖြစ်ပြီး Irkutsk လေယာဉ်ထုတ်လုပ်ရေးအသင်းသည် Transbaykal ဒေသ၏ ရှေးအကျဆုံး လေယာဉ်ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့် ၁၉၃၂ ခုနှစ်မှစ၍ ယခုအထိ လေယာဉ်အစင်းပေါင်း ၇၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Irkutsk Aviation Plant-Irkutsk Corporation Branch မှ အထွေထွေညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk Regional Children's Clinical Hospital သို့ ရောက်ရှိကြရာ ဆေးရုံအကြီးအကဲ Mr.KOZok Yuri Andreevich နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဆေးရုံအတွင်း ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် ဆေးရုံကို ခုတင်-၄၀၀ ဆန့် အဆင့်မြှင့်တင်၍ နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ Video presentation များ၊ VR နည်းပညာ အသုံးပြု၍ ဆေးရုံကြီး တည်ဆောက်ပြီးစီးပါက ဖြစ်ပေါ်လာမည့် အခြေအနေပုံရိပ်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားသိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး ဆေးရုံတည်ဆောက်မည့် အခြေအနေများ၊ ဆေးရုံအတွင်း၌ Robotic Technology အသုံးပြု၍ ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်သည့် စက်ကိရိယာများ၏ စွမ်းဆောင်ရည်များကို လိုက်လံရှင်းလင်းပြသခဲ့ပြီး စမ်းသပ်ခွဲစိတ် ကုသမှုတစ်ခုကို သရုပ်ပြခွဲစိတ်ပြသသည်။ ယင်းနောက် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် အမှတ်တရဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆေးရုံအကြီးအကဲအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း MBOU Zakharovkaya Secondary School Moscow သို့ ရောက်ရှိကြရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့ ပညာရေးဝန်ကြီး Maxim Alexandrovich Parfenov၊ ကျောင်းအုပ်ကြီး Ms. Lyudmila Leonidovna Tuchkova နှင့် ကျောင်းတာဝန်ခံများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း မူလတန်းကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြားပေးနေမှုစနစ်များ၊ အဆင့်မြင့်သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြု နည်းပညာသုံး၍ ကလေးငယ်များကို စိတ်ပါဝင်စားစေပြီး လွယ်ကူရှင်းလင်းစွာဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာများကို နားလည်တတ်ကျွမ်းမှုရှိအောင် သင်ကြားပေးနေသည့် အခြေအနေများ၊ စာကြည့်တိုက်များ၊ ကလေးအားကစားကွင်းများကို စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှု လေ့လာခဲ့ကြရာ ကျောင်းအုပ်ကြီးက ရှင်းလင်းပြသသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရည်အဆင့်မြှင့်တင်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြား သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ၊ ကျောင်းအုပ်ကြီး၊ အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။