Skip to main content

လူမှုကွန်ရက်ပေါ်မှ အန္တရာယ် အသိသုတမြှင့်တင်၍ ကာကွယ်

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သုံးစွဲသူ ၂၇ သန်းခန့်ရှိသည်ဟု သတင်းတစ်ပုဒ်တွင် တွေ့ရသည်။ သည်အထဲတွင် လူတစ်ဦးတည်းက အကောင့်တစ်ခုမက သုံးစွဲနေမှုများလည်း ပါဝင်နေမည်။ အခြား ဆိုရှယ်ပလက်ဖောင်းများဖြစ်သည့် တွစ်တာ၊ တစ်တော့၊ အင်စတာဂရမ်၊ တယ်လီဂရမ် စသည်တို့ကို သုံးစွဲနေမှုများလည်း ရှိသည်။ လူမှုကွန်ရက်ကို စတင်တီထွင်သူများက လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုး ရည်ရွယ်ခဲ့သော်လည်း အသုံးပြုသူတို့ကြောင့်   မကောင်းသည့်ရလဒ်များစွာ   ထွက်ပေါ်လာပြီး လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်ဖြစ်စေခဲ့သည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံသားအများစုက ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အသုံးပြုနေကြခြင်းဖြစ်ပြီး အများစုက ဒစ်ဂျစ်တယ်အွန်လိုင်းအကြောင်း သိနားလည်ခြင်းမရှိသည့်အပြင် အမှားအမှန်ကို စိစစ်နိုင်စွမ်းနှင့်  အန္တရာယ်ကို ကာကွယ်နိုင်စွမ်းတို့လည်း နည်းကြသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါ မိမိတို့နိုင်ငံသို့ ဝင်ရောက်လာသည့်အခါ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးအတွက် ပြင်ပထွက်သွားလာမှုများကို မဖြစ်မနေကန့်သတ်ခဲ့ရသည်။ ယင်းအခြေအနေသည် ကမ္ဘာတစ်ဝန်းလုံးတွင်လည်း ထိုနည်းတူစွာပင်ဖြစ်ပြီး လူအများ အိမ်တွင်းအောင်းနေရချိန်တွင်   လူမှုကွန်ရက်ပလက်ဖောင်းပေါ် တက်ရောက်အချိန်ကုန်ကြသူများ   တစ်ဟုန်ထိုး တိုးတက်များပြားလာသည်။ အချိန်နှင့် အကွာအဝေးတို့ကို ကျော်လွှားကာ  လူတစ်ဦးနှင့်တစ်ဦးအကြား လွတ်လပ်ပွင့်လင်းစွာ ဆက်သွယ်ဆက်ဆံနိုင်ရေးအတွက် ဖန်တီးထားသည့် လူမှုကွန်ရက်သည်လည်း ပြစ်မှုကျူးလွန်သူတို့ ကျက်စားသည့် နယ်ပယ်ထဲတွင် ပါဝင်လာသည်။ ထိုအထဲတွင် လူကုန်ကူးသူများလည်းပါသည်။ ၎င်းတို့၏ အဓိကပစ်မှတ်မှာ အရွယ်ကောင်းအမျိုးသမီးများ ဖြစ်ကြပြီး အင်တာနက်လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့၏ သားကောင်များကို ရှာဖွေကြခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် ပညာရေး ရေချိန်နိမ့်ကျနေခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် စီးပွားရေးလေးလံ တုံ့ဆိုင်းနေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်း စသည့်အခြေခံအကြောင်းတရားများက လူငယ်လူရွယ်များကို ပြည်ပထွက် အလုပ်လုပ်ကိုင်လိုသည့် တွန်းအားများ ဖြစ်ပေါ်လာစေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အရှေ့အလယ် ပိုင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပါက လုပ်ခလစာ အများအပြားရရှိနိုင်သည်ဟူသော မက်လုံးများက ပြည်တွင်းမှ အမျိုးသမီးများအပါအဝင် လူငယ်များကို ပြည်ပသို့ ထွက်ခွာစေပြီး ဆွဲအားများဖြစ်ကြသည်။ လူကုန်ကူးသူများက ယင်းအခြေအနေကို  အသုံးချကာ  အွန်လိုင်းမှတစ်ဆင့်  ၎င်းတို့၏  သားကောင် အမျိုးသမီးများကို  မက်လုံးပေး  ဆွဲဆောင်စည်းရုံးကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူများသည် စာမျက်နှာများပေါ်တွင်တွေ့သည့်  တစ်ဖက်လူ၏ ပုံ၊ ကိုယ်ရေး အချက်အလက်တို့၏ စိစစ်ရန်လိုအပ်သကဲ့သို့ မိမိထံ ဆက်သွယ် ပြောဆိုလာမှုများအပေါ်တွင်လည်း သေချာစွာ ဆန်းစစ်နိုင်ရန် လိုသည်။ အဓိကရည်ရွယ်ချက်မှာ မိမိကိုယ်မိမိ ကာကွယ်နိုင်ရေးအတွက် သတိထားနိုင်ရန်အတွက်ဖြစ်သည်။

ယနေ့သည် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု  တိုက်ဖျက်ရေးနေ့ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာလူကုန်ကူးမှု တိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ   မြှင့်တင်လုပ်ဆောင်စို့ဟူ၍ဖြစ်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် သက်ဆိုင်ရာဌာနများက ခေတ်နှင့်အညီ နည်းပညာမြှင့်တင်ရေး ဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုအတွင်း၌လည်း ဒစ်ဂျစ်တယ်အွန်လိုင်းနှင့် စပ်လျဉ်း၍   အသိသုတပြည့်စုံစေရန်  လေ့လာဆည်းပူးကာ လူကုန်ကူးမှု အန္တရာယ်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်နိုင်ကြပါစေကြောင်း။      

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်