Skip to main content

ဘေးအန္တရာယ်အမျိုးမျိုးတို့ကို သတိမူကြိုတင်ကာကွယ်

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ပြည်သူအများ ကိုးကွယ်သောနိုင်ငံဖြစ်၍ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် ကပ်သုံးပါးကိုရှောင်ရှားနိုင်သည့်သဘောရှိသည်။ ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ သဘာဝဘေး၊ ရောဂါ ဘေးများနှင့်ကြုံတွေ့နေကြသည်ကို မြင်တွေ့နေရသည်ဖြစ်ရာ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို အထူးသိမြင်ဆင်ခြင်၍ ရောဂါဘေးဘယာများ ကင်းဝေးနိုင်ကြစေရန် သတိပြုဆင်ခြင်ပြုလုပ်သင့်ပါသည်။

မျက်မှောက်ကာလတွင် ရောဂါဘယဘေးများနှင့် ပဋိပက္ခများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လက်ရှိကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံအချို့၌ ရေကြီးရေလျှံမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ငလျင်လှုပ်မှုတို့ကြောင့် လူသားတို့၏ အသက်ခန္ဓာများနှင့်ဥစ္စာပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကို လူသားတို့အနေဖြင့် မလွန်ဆန်နိုင်သည်မှန်သော်လည်း အန္တရာယ်ကင်းဝေးစေရန် ဘာသာတရားအဆုံးအမများ၊ ရှောင်ရှားနိုင်မည့်နည်းလမ်းများနှင့် သတိမူဆင်ခြင် အပ်သည်တို့ဖြင့် ကာကွယ်သင့်ပေသည်။

မြန်မာနိုင်ငံတွင် မကောင်းမှုမိစ္ဆာ အဖျက်သမားအန္တရာယ်များအား နိုင်ငံတော်အစိုးရက ကာကွယ်တားဆီးပေးလျက်ရှိသည့်အပြင် ပြည်သူများကလည်း ရတနာသုံးပါးဂုဏ်ကျေးဇူးဖြင့် အန္တရာယ်ကင်းဝေးအောင် အားထုတ်သင့်ပေသည်။ အလားတူ ရောဂါဘေးအန္တရာယ်များကိုလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်ကျင့်ကြံပြုလုပ်ကြရန်သာမက ရတနာသုံးပါးဂုဏ်တော်များနှင့် ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။ ယုံကြည်မှုနှင့် မပျက်မကွက်လိုက်နာဆောင်ရွက်မှုတို့သည် အကျိုးတရားများသည်ဖြစ်၍ မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးမဆို လိုက်နာကျင့်ကြံအားထုတ်နိုင်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဘာသာတရားအပေါ် တန်ဖိုးထားရိုသေလေးစားမှုကြောင့် ဘေးအန္တရာယ်များနှင့်ကင်းဝေးပြီး အေးချမ်းသာယာသည့်နိုင်ငံ ဖြစ်လာပေလိမ့်မည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် အထူးသတိပြုလိုက်နာ ဆောင်ရွက်ကြရမည်မှာ ရောဂါဘယကင်းဝေးအောင် ဆောင်ရွက်ရေးဖြစ်သည်။ ရတနာသုံးပါးနှင့် မေတ္တာတရား၏လွှမ်းခြုံမှုကိုခံယူပြီး ကျန်းမာရေးအသိဖြင့် လိုက်နာ ဆောင်ရွက်သင့်ကြပါသည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြင့်မားလာနေသည်ကို သတိရှိရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကိုလည်း အလားတူသတိပြုဆင်ခြင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေးရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံထားသူများသည် ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးနိုင်မှုကို သိသာစွာလျှော့ချနိုင်သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံကြပြီး ထပ်ဆောင်းကာကွယ်ဆေးကိုလည်း သတ်မှတ်ထားသည့်အတိုင်း အကြိမ်ပြည့်ထိုးနှံထားကြရန်လိုအပ်သည်။ ယခုအခါ အနာဂတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးလှိုင်းဂယက်များ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိအစိုးရများကို ဆက်လက်သတိထားဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ခေါင်းဆောင်က သတိပေးထားသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

အထူးသဖြင့် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ရေးစခန်းများနှင့် အကျဉ်းထောင်များ၊ အချုပ်ထောင်များစသည့် လူအများစုဝေးနေထိုင်ရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပေသည်။ လူစုလူဝေးရှိရာနေရာများတွင် နေထိုင်သူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံထားကြရန် လိုအပ်ပေသည်။

အလုံပိတ်အခန်းအတွင်း၌ အတူနေထိုင်ခြင်း၊ အခန်းတွင်းသို့ အပြင်မှ ရောက်လာသူများအနေဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း၊ လက်ကိုမကြာခဏ ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊ ရုတ်တရက် နှာချေ၊ ချောင်းဆိုးသည့်အခါ ပါးစပ်နှင့်နှာခေါင်းကို တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ခြင်း၊ စားသောက်ရာတွင် အတူစုဖွဲ့စားသောက်ခြင်းများနှင့် လူစုလူဝေးများကို တတ်နိုင်သမျှ ရှောင်ရှားကြရန်လိုအပ်ပါသည်။ ဖျားနာခြင်းနှင့် အခြားကိုဗစ် -၁၉ ရောဂါဆိုင်ရာ သံသယဖြစ်ဖွယ်ရာများ တွေ့ရှိရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ပြသကြပြီး ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မျက်မှောက်ကာလတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ရောဂါဘေးဘယာများကိုရှောင်ရှားနိုင်ရန် ကာကွယ်နိုင်မည့်နည်းလမ်းအမျိုးမျိုးတို့ကို မဖြစ်မီက ကြိုတင်ကာကွယ်ဆောင်ရွက်ထားနိုင်ပါရန် မေတ္တာဖြင့်အသိပေးအပ်ပါကြောင်း။     ။