နိုင်ငံသားစည်းကမ်းဟူသည် နိုင်ငံသားတို့နှင့်သက်ဆိုင်သည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ဥပဒေများဖြစ်သည်။ နိုင်ငံသားများသည် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်ရှိသော်လည်း နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်း ဥပဒေများကိုမူ မပျက်မကွက် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ အကွပ်မရှိသည့်ကြမ်းလို ပရမ်းပတာမဖြစ်ရအောင် စည်းကမ်းဥပဒေတို့ကို လိုက်နာဆောင်ရွက်မှသာလျှင် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကကို တည်ဆောက်နိုင်မည်ဖြစ်သည်။
နိုင်ငံသားများ၏ နေထိုင်ဆောင်ရွက်မှုဘဝ၌ သတ်မှတ်ထားသော စည်းကမ်းဥပဒေ အမျိုးမျိုးရှိသည့်အနက် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် မှတ်ပုံတင်ခြင်း တစ်မျိုးမျိုးကို ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းတို့တွင် နိုင်ငံသားအများစု ကိုင်တွယ်အသုံးပြုနေသော ဆင်းကတ်မှတ်ပုံတင်ခြင်းကို သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံသားအများစု လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ငွေရေးကြေးရေးဆိုင်ရာ မှတ်ပုံတင်ခြင်းများကို သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့လုပ်ကိုင်မှသာလျှင် လုံခြုံစိတ်ချ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆော့ဝဲနည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ် ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ ၅၂ သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သည်။ နိုင်ငံသားအများစု ကိုင်ဆောင်အသုံးပြုနေသော ဆင်းကတ်အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေသည်ကို တွေ့ရသည်။ ယခု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းသွင်းပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် ဆင်းကတ်မှတ်ပုံတင် အမှတ်တို့ကို တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည်။ ဆင်းကတ်တွင် မှတ်ပုံတင်ထားသော အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်များ ကွဲလွဲမှုရှိပါက ဆင်းကတ်ကို အပြီးပိတ်သိမ်းပြီး လက်ကျန်ငွေကို နိုင်ငံ့ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် မသမာသူများက အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အား အသုံးချ၍ မသမာသောနည်းလမ်းဖြင့် တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်တို့နှင့် ပတ်သက်၍ အများပြည်သူတို့ နစ်နာဆုံးရှုံးခြင်းမရှိစေရန်အတွက် ဆောင်ရွက်ရာတွင် အထက်ဖော်ပြပါ နည်းလမ်းအတိုင်း ငွေကြေးဝန်ဆောင်မှု၊ လွှဲပြောင်းဆောင်ရွက်မှုတို့ကို တိုက်ဆိုင်စစ်ဆေး သွားမည်ဖြစ်သည်။ အချက်အလက် ဖြည့်သွင်းခြင်းအား သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ငွေကြေးလွှဲပြောင်းခြင်း လုပ်ငန်းဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် မှန်ကန်သော အချက်အလက်ဖြည့်သွင်းရန် လိုအပ်ပါသည်။
မျက်မှောက်ကာလတွင် မိုဘိုင်းလက်ကိုင်ဖုန်းကို အသုံးပြု၍ လူမှုရေး၊ စီးပွားရေး စသည်တို့ကို ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ကြပေသည်။ ယင်းသို့ဆောင်ရွက်နိုင်သည်ကို အသုံးချ၍ မသမာသူများ၊ ဒုစရိုက်သမားများနှင့် အကြမ်းဖက်သမားများက နိုင်ငံတော်နှင့်အများပြည်သူ ထိခိုက်နစ်နာအောင် လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်း/ ပြည်ပငွေပေးချေမှုများ၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ လွှဲပြောင်းမှုများ ဆောင်ရွက်ရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ထောက်ပံ့အားပေးသည့်လုပ်ရပ်များ လုပ်ဆောင်မှုအချို့ ရှိနေသည်ကို တွေ့ရသည်။ မိုဘိုင်းငွေကြေးစနစ်တွင် မသမာမှုများ၊ လိမ်လည်မှုများရှိနေ၍ ပြည်သူအချို့မှာ များစွာထိခိုက်နစ်နာမှုများရှိနေသည်။
ထို့ကြောင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ငွေရေးကြေးရေး လုပ်ငန်းများအား ဆောင်ရွက်ရာ၌ လုံခြုံချောမွေ့အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် အချက်အလက်များ မှန်ကန်စွာစာရင်းရေးသွင်းရန် လိုအပ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ ၅၂ သန်းကျော်အား စာရင်းသွင်းထားပြီးဖြစ်၍ သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ အိမ်ထောင်စုစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့် နိုင်ငံသားများ လုံခြုံရေးနှင့်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် နိုင်ငံသားများနှင့် အဓိကသက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်း ဥပဒေများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆက်သွယ်ဆောင်ရွက် နေထိုင်လုပ်ကိုင်မှုများနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ပြီး မိမိတို့၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါကြောင်း။ ။