ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတွင် စတင်ကူးစက်ပျံ့နှံ့လာသောအခါ ဦးစွာထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကူးသန်းသွားလာမှုများကို မဖြစ်မနေ ကန့်သတ်လိုက်ရခြင်းက ခရီးသွားလုပ်ငန်းကို ရေသောက်မြစ်ဖြတ်တောက်လိုက်သည့်နှယ်ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် နှစ်နှစ်ကျော်ခန့် မိမိတို့နေရပ်တွင်သာ ပိတ်မိနေခဲ့ကြရသူများမှာ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်သည့်အခါ ပြည်တွင်းပြည်ပ ခရီးသွားကြရန် စိတ်အားတက်ကြွ ထက်သန်လျက်ရှိနေကြပြီဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် ထင်ရှားသည့် မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံက ယခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
မိမိတို့နိုင်ငံတွင် ယခုနှစ်ဧပြီလ ၁၇ ရက်နေ့မှစ၍ နိုင်ငံတကာ လေကြောင်းလိုင်း ၁၀ လိုင်း စတင်ပြေးဆွဲ ပျံသန်းခြင်းအားဖြင့် ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။ နိုင်ငံ၏ လက်ရှိအခြေအနေတွင် ပြည်တွင်းပြည်ပ အဖျက်အမှောင့် အနှောင့်အယှက်များကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေသည့်တိုင်အောင် အခက်အခဲများကြားမှပင် အခွင့်အလမ်းများလည်း ရှိနေသည်ကို တွေ့ရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း မကွေးတိုင်းဒေသကြီးတွင် ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှုများမှ ဝင်ငွေကျပ်သိန်း ၆၅၆၀ ခန့် ရရှိကြောင်း ပြည်တွင်းသတင်း တစ်ပုဒ်တွင်တွေ့ရှိရာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ခရီးစဉ်ဒေသများတွင် ယခုနှစ်ခရီးသွား ရာသီအတွက် အထိုက်အလျောက် မျှော်လင့်နိုင်မည်ဟု ယူဆမိသည်။
မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်ဖြစ်သော ရန်ကုန်နှင့် ဟံသာဝတီခေတ် နန်းတော်၊ မြို့ရိုးနှင့် ကျုံးတို့ တည်ရှိရာ ပဲခူး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေး၊ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံနှင့် ပြင်ဦးလွင်အပါအဝင် ရှမ်းပြည်နယ်ခရီးစဉ်များ စသည်တို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများအဖြစ် ကြိုတင်ပြင်ဆင်နိုင်သည့် ဒေသများဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ခရီးသည်များ၊ ဂျပန်၊ ကိုရီးယားအစရှိသော အာရှနိုင်ငံများမှ ခရီးသွားများကိုသာ အဓိကဆွဲဆောင်နိုင်မည်ဟု ရှုမြင်မိသည်။
ယခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်မှာ “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” Rethinking Tourism ဟူ၍ဖြစ်ပြီး ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့ခိုင်မာပြီး အားလုံးပါဝင်၍ ကြံ့ကြံ့ခံနိုင်သော ကဏ္ဍဖြစ်စေရန် နှိုးဆော်တိုက်တွန်းလိုရင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေ ကို ရှာဖွေနိုင်သလောက် ရရှိနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်သည်။ ထို့ပြင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် သမိုင်းအစဉ်အလာ အမွေအနှစ်များ၊ ရိုးရာအစားအစာများနှင့် လက်မှုပစ္စည်းများ စသည်တို့ကို နိုင်ငံတကာမှ ဧည့်သည်တို့အား ဖော်ထုတ်ပြသနိုင်သည့်အပြင် နိုင်ငံ၏ပကတိအခြေအနေတို့ကိုလည်း မျက်မြင်တွေ့ရှိ နားလည်နိုင်စေသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတို့က ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း မြှင့်တင်မှုများကို မိမိတို့နိုင်ငံ၏ မျှော်မှန်းချက်များနှင့်အညီ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ပြည်ပဝင်ငွေ ရရှိရေးတို့အတွက် ကြံဆကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။