ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ် စိုးရိမ်ဖွယ်ရာတိုးလာသလို ပြန်လည်လျော့ကျသွားသည့် ရက်များလည်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေး ရောဂါပိုးတွေ့ရှိသည့် လူနာများတွင် ယခင်ရက်က သေဆုံးရသည့် လူနာအချို့သည် ကာကွယ်ဆေးမထိုးထားခြင်း၊ ရောဂါအခံများရှိနေခြင်းတို့ကြောင့်ဟု သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများပါ ထိုးထားရန်လိုပါသည်။ ထို့အပြင် ရောဂါအခံများရှိနေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိအောင် အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများနှင့် အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသူများဖြစ်ပြီး ရောဂါအခံများဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသောအခါ အသက်သေဆုံး ရသည့်အဖြစ်ရောက်ရသည်ကို တွေ့ရပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံထိုးနှံပေးလျက်ရှိသော်လည်း ပြည်သူအချို့မှာ အလေးထားထိုးနှံမှုမရှိသဖြင့် ရောဂါကူးစက်ခြင်းခံရပါက အန္တရာယ်ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်အကူအညီ တောင်းခံနိုင်ပေသည်။
ရောဂါပိုးတို့၏ သဘောသဘာဝသည် စွတ်စိုပြီးအေးမြမှုကို ကြိုက်နှစ်သက်သဖြင့် ယခုမိုးရာသီ အကုန်နှင့် လာမည့်ဆောင်းရာသီကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုနှင့် ထပ်ဆောင်းထိုးနှံမှုများကို မပျက်မကွက် ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ထို့အပြင် ပါးစပ်နှင့်နှာခေါင်းစည်းများကို အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများနှင့် အများပြည်သူ သွားလာနေကြသည့် ယာဉ်များပေါ်တွင် တပ်ဆင်ထားကြရန် လိုအပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ပြည်သူများအား ကျန်းမာရေးသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် နေထိုင်ကြရန် အသိပေးနှိုးဆော်မှုများ ပိုမိုပြုလုပ်ကြရန် လိုအပ်ပေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်မျိုးကွဲသစ် B 4.4 နှင့် B 4.5 တို့သည် နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက် ရှိသည်ဟု အသိပေးထားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူ စသည့်နိုင်ငံများ၌ အဆိုပါမျိုးကွဲသစ်များ ပျံ့နှံ့ကူးစက်လျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတကာမှ လေ့လာတွေ့ရှိချက်များအရ အိုမီခရွန်ဗီဇပြောင်း မျိုးကွဲသစ်ရောဂါပိုး B 4.4 နှင့် B 4.5 တို့သည် ယခင်ကရှိခဲ့သည့် အိုမီခရွန်မျိုး ဗီဇပြောင်းရောဂါပိုး B 4.1 နှင့် B 4.2 တို့ထက် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ အာနိသင်ကိုလည်း လျော့ကျစေနိုင်သည် ဟုသိရသည်။ ထို့ကြောင့် နောက်ဖြစ်ပေါ်လာသော ရောဂါမျိုးကွဲသစ်ကို ပိုမိုသတိပြု ဖို့လိုအပ်ပေသည်။ ရောဂါမျိုးကွဲသစ်များ၏ ထူးခြားသည့်အာနိသင်များကြောင့် ကိုဗစ်-၁၉ရောဂါအား ထိန်းချုပ်နိုင်ရန် လိုအပ်နေသေးသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်းလေ့လာတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၈ ဦးရှိပြီး ၎င်းတို့အနက် ၉၇ ဦး(၇၀ ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာစသည့် နာတာရှည်ရောဂါအခံတစ်မျိုးမျိုး၊ တစ်မျိုးထက်မက ရှိနေသည်ကို တွေ့ရပါသည်။ အဆိုပါရောဂါများသည် ပြည်သူများကြားတွင် အဖြစ်များသော ရောဂါများဖြစ်ပြီး အဆိုပါရောဂါအခံရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပါက အန္တရာယ်ပိုများသည်ကို သတိပြုရမည်ဖြစ်သည်။ ရောဂါအခံရှိသူများတွင် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူများနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများသည် ကိုဗစ်-၁၉ ရောဂါကြောင့် အသက်အန္တရာယ်ဖြစ်မှုအား သိသာစွာလျှော့ချ နိုင်သည်ကို တွေ့ရပေသည်။
သို့ဖြစ်ရာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာစသည့် နာတာရှည်ရောဂါအခံရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းတို့အပြင် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်