နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာစက်မှုဇုန်နှင့် မန္တလေးစက်မှုဇုန်တို့သို့သွားရောက်ကာ မိတ္ထီလာခရိုင်နှင့် မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်မှာကြား တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်း လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်းအရ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်း အရေအတွက် အများဆုံးသည် ကုန်ထုတ်လုပ်မှုကဏ္ဍ (Manufacturing Sector) တွင်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်မှာ လုပ်ငန်းငယ်များသာ ဖြစ်သည်။ မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှု စစ်တမ်း (၂၀၁၇) တွင်မူ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိကြပြီး တောင်ပိုင်းကမ်းရိုးတန်း ဒေသတစ်လျှောက်တွင် နည်းပါးကြောင်း၊ စားသောက်ကုန်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှု လွန်စွာနည်းပါးကာ နည်းပညာပိုင်းလည်း နိမ့်ပါးကြောင်း၊ လုပ်ငန်းများအားလုံးသည် လျှပ်စစ်မီးနှင့် ရေပေးဝေရေးစနစ်မှ ဖြန့်ဝေသောရေကို အပြည့်အဝမရရှိကြကြောင်း၊ လက်ဖြစ်ကိရိယာ (Hand Tool) များနှင့် အသုံးပြုပြီး စက်ယန္တရား အဟောင်းများနှင့် တစ်ပတ်ရစ်များ (Old and Second Hand Machinery) များကို မှီခိုလုပ်ကိုင်နေကြရ ကြောင်း၊ ပြည်ပမှတင်သွင်းသည့် စက်ပစ္စည်း၊ နည်းပညာ (Technology Through Imports) များကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ သို့ဖြစ်သည့်အတွက် ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာအဆင့်အတန်းမီမှု လွန်စွာနည်းပါးကြောင်း စသည်တို့ပါဝင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မိတ္ထီလာစက်မှုဇုန်နှင့် မန္တလေးစက်မှုဇုန်တို့မှ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်ကြမ်းများရရှိရေး၊ လိုအပ်သည့် ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့အပါအဝင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများ၊ တိုက်တွန်းအားပေးမှုများကို ပြုလုပ်ပေးခဲ့ရာ ပြည်တွင်းကုန်ထုတ်လုပ်မှု၏ အဓိကမဏ္ဍိုင်သဖွယ်ဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့်အင်အားကို ဖြစ်ပေါ်စေပါကြောင်း။ ။