Skip to main content

ပြည်တွင်းအင်အားဖြင့် စီးပွားရေးမြှင့်တင်

“တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူများ အားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင်ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာဝပြောခြင်း ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သည့်အနေအထားများ ဖြစ်ထွန်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ပေးပြီး နိုင်ငံအတွင်း ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နိုင်သဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်များ အကောင်အထည်ပေါ်လာပြီဖြစ်ရာ အနာဂတ်ကာလများတွင် သာယာဝပြောသော တိုင်းပြည် ဖြစ်ပေါ်လာမည်ဟုယုံကြည်ပါသည်။

တိုင်းပြည်တစ်ပြည် သာယာဝပြောရေးအတွက် အဓိကကျသည့်အချက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် ပြည်တွင်းစီးပွားရေးကောင်းမွန်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်း၌ ကုန်ကြမ်းများပေါများရေး၊ သွင်းအားစုများ အလုံအလောက်ရှိရေး၊ အရင်းအနှီးများရရှိရေးနှင့် လူသားအရင်းအမြစ်များ ဖြစ်ထွန်းလာရေးတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲက တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သဖြင့် ပြည်တွင်းစီးပွားရေးနှင့်ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ်ကြောင်း မှာကြားထားသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် တုံ့ဆိုင်းကျဆင်းသွားသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မနေမနား အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကြောင့် ပြန်လည် ဦးမော့လာပြီး ယခုအခါ လုပ်ငန်းများပုံမှန်အနေအထားဖြင့် ပြန်လည်လည်ပတ်လာ နိုင်သည့်အပြင် အနာဂတ်ကာလတွင် စီးပွားရေးလုပ်ငန်းများ၌ အဓိကကျသည့် စက်သုံးဆီ၊ လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ဆက်စပ်၍ စက်သုံးဆီကဲ့သို့ အခြားသွင်းအားစုများလိုအပ်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လျှပ်စစ်ဓာတ်အားသည် အဓိကကျ သောအချက်ဖြစ်သည်။ အဆိုပါလိုအပ်ချက်များအတွက် ယခုအခါ အလားအလာကောင်းများ ရရှိလာပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံခရီးစဉ်တွင် ရေအားလျှပ်စစ်နှင့်နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာရှိသည့်အပြင် မကြာမီကာလတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များတွင် အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။

လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အနာဂတ်ကာလတွင် လူမှုစီးပွားကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာစေမည့် အထောက်အပံ့ကောင်းများ ရရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ထိုလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများက ပိုမိုများပြားသောကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအားမမျှတဘဲ ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်မှုဖြစ်ပေါ်လာရသည်။

ထို့ကြောင့် ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာအောင် ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထုတ်ကုန်များ အရည်အသွေး ပြည့်မီရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေးနှင့် ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် အဘက်ဘက်တွင် လိုအပ်ချက်ရှိသည့် ကိစ္စအဝဝတို့ကို အဆင်ပြေအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။