Skip to main content

အေးချမ်းမှုဖျက်ဆီးသူ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချ

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဆန့်ကျင်တိုက်ခိုက် အကြမ်းဖက်မှုအခြေအနေကို လေ့လာကြည့်လျှင် ဒီမိုကရေစီရေး၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ယုတ်မာပက်စက် အကြမ်းဖက်ရက်စက်သည့်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ ရက်စက်ယုတ်မာမှုလုပ်ရပ်များကို အားလုံးသိရှိပြီး ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြဖို့ လိုအပ်ပေသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် စစ်ရေး၊ အုပ်ချုပ်ရေးတို့ကို တိုက်ခိုက်ခြင်းထက် အပြစ်မဲ့သော အရပ်ဘက်ပြည်သူများအား တိုက်ခိုက်မှုများ ပိုများနေသည်ကို တွေ့ရပေသည်။ ပြည်သူများအား ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်မှုများ၊ အပြစ်မဲ့ပြည်သူများကိုသာမက ရဟန်း၊ သံဃာ၊ သီလရှင်များကိုပါ တိုက်ခိုက်မှုများသည် ယုတ်မာရက်စက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်။ ယခုအခါတွင် မပြုလုပ်သင့်သော အများပြည်သူနှင့်သက်ဆိုင်သည့် ခရီးသည်ပို့ဆောင်မှုများတွင်ပါ တိုက်ခိုက်မှုများရှိလာရာ ဆိုးရွားကြမ်းတမ်းသော ရက်စက်ယုတ်မာသည့် လုပ်ရပ်များဖြစ်၍ ကြီးလေးသော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အစောပိုင်းက အများပြည်သူသွားလာနေသော ခရီးသည်တင်ယာဉ်များကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အလွန်ဆိုးရွားသည့် ကြက်ခြေနီလူနာတင်ယာဉ်များကိုပါ တိုက်ခိုက်မှုများရှိခဲ့ရာ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာ ရမှုများရှိခဲ့သည်။ ယခုတစ်ဖန် အများပြည်သူ စီးနင်းလိုက်ပါလာသည့် အရပ်ဘက်လေယာဉ်တစ်စင်း လေဆိပ်သို့ ဆင်းသက်စဉ် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ်ပျက်စီးပြီး ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကယားပြည်နယ်တွင် KNPP အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့သည် ယခင်ကတည်းက လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်တွင် နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဉ်ဆင်းသက်ပြေးလမ်းသို့ချဉ်းကပ်ရန် ကွင်းပတ်မှု ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်း၏ မြောက်ဘက်မှ အကြမ်းဖက်သောင်းကျန်းသူများက လေယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်ဝမ်းဗိုက်၌ လက်နက်ငယ်ကျည် ထိမှန်ပေါက်ထွက်ပြီး လေယာဉ်စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ လေယာဉ်ထိခိုက်မှုရှိသော်လည်း လေယာဉ်အမှုထမ်းများ၏ ကြိုးစားဆင်းသက်မှုကြောင့် လွိုင်ကော်လေဆိပ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ပြုပြင်မှုများပြုလုပ်ကာ ပြန်လည်ထွက်ခွာခဲ့သည်။ လွိုင်ကော်မြို့နှင့် ခရီးစဉ် အဆက်မပြတ်ပြေးဆွဲနိုင်ရေး၊ ခရီးသွားပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးအတွက် လေဆိပ်အနီးတစ်ဝိုက်တွင် လုံခြုံရေးယူပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများက လေဆိပ်တွင် ပစ်ခတ်မှုဖြစ်ပွားသယောင် မမှန်မကန် သတင်းများထုတ်လွှင့်ပြီး အများပြည်သူ စိုးရိမ်ပူပန်အောင် ပြုလုပ်ခဲ့ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်ပြီး ယုတ်မာရက်စက်သည့် တိုက်ခိုက်မှုဖြစ်သည်။

ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် အဖျက်သမား သောင်းကျန်းသူများကို လုံခြုံရေးတပ်ဖွဲ့က လိုက်လံရှင်းလင်း နှိမ်နင်းလျက်ရှိသည်။ တပ်မတော်နှင့် ဒေသခံလုံခြုံရေးတပ်ဖွဲ့များက ခရီးသွားလာမှု မပြတ်တောက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက် အဖျက်သမားများသည် ဒေသခံပြည်သူများ နေထိုင်သွားလာရေးကို တစိုက်မတ်မတ် နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။ အပြစ်မဲ့ပြည်သူများ ဒုက္ခအခက်အခဲများ၊ ဆင်းရဲဒုက္ခများ ရောက်ကြရသည်။ ပြည်သူများအား နှောင့်ယှက်ဖျက်ဆီးနေမှု လုပ်ရပ်များကို အများပြည်သူသိရှိအောင်၊ နိုင်ငံအများသိရှိအောင် အသိပေးကြရမည်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို လိုလားကြသည့် ပြည်သူလူထုနှင့် အဖွဲ့အစည်းများက အဆိုပါလုပ်ရပ်များအပေါ် ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြဖို့ လိုအပ်ပေသည်။ လက်ရှိတွင် ပြည်သူများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချလျက်ရှိပြီး အကြမ်းဖက်အဖျက်သမားများ အမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ အများပြည်သူနှင့်သက်ဆိုင်သည့် နေထိုင်သွားလာလုပ်ကိုင်မှုများကို နှောင့်ယှက် ဖျက်ဆီးမှုများသည် ယုတ်မာရက်စက်သည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည့်အပြင် စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များဖြစ်၍ လုံခြုံရေးတပ်ဖွဲ့များက ထိရောက်ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက် နှိမ်နင်းသွားမည်ဖြစ်ပြီး ပြည်သူများက ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြရမည်ဖြစ်ပါကြောင်း။    ။