Skip to main content

သဘာဝဘေးအန္တရာယ်များကို အလေးထား သတိပြုကာကွယ်

သီတင်းကျွတ်ကာလကျော်လွန်ပြီးနောက် ပွင့်လင်းရာသီရောက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အရှေ့အနောက်ဝန်းကျင်ရှိ ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သော လေထုမတည်မငြိမ် ဖြစ်မှုများကြောင့် လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းငယ်များ၏ အရှိန်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝန်းကျင်တစ်ခွင် သာယာလာမည့်အချိန်၌ ရုတ်တရက် အုံ့မှိုင်းထစ်ချုန်းလာမှုများနှင့် လေပြင်းတိုက်ခတ်မှုအခြေအနေများ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာသည်။

ယမန်နေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်မြေပုံအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့်မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက်၊ သံတွဲမြို့၏ အနောက်တောင်ဘက်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ ဆာဂါကျွန်း၏ တောင်ဘက်တို့တွင်ရပ်တည်ကာ မြောက်ဘက်သို့ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဖြတ်သန်းမည့်လက္ခဏာများ မြင်တွေ့ရသည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသော်လည်း ၎င်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၏ တောင်မြောက် အနောက်ဘက်တစ်ခြမ်းကို ဝေ့ပတ်ကာ ဖြတ်သန်းနေသဖြင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် အုံ့မှိုင်းနေသောလက္ခဏာများရှိပြီး အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယမန်နေ့က အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ နှုန်းရှိသော်လည်း နောက်ပိုင်းတွင် ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိသဖြင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုရမည်ဖြစ်သည်။

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားလာပြီး လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး မြောက်/ အရှေ့မြောက်သို့ရွေ့လျားကာ အောက်တိုဘာလ ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေမှ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ ဂယက်ရိုက်ခတ်မှုကို မြန်မာနိုင်ငံ တစ်ခြမ်းလုံး ကြုံတွေ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးလေဝသမှထုတ်ပြန်ချက်များကို ဆက်လက်သတိပြု နေထိုင်ကြရမည်ဖြစ်သည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့ညမှ အောက်တိုဘာလ ၂၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမှအသိပေးထားသည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်သောကြောင့် ပင်လယ်ကမ်းနားတွင် နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများ အထူးသတိရှိကြရမည် ဖြစ်သည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ ၅၅ မိုင်မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်သည်။

ထို့အတူ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်ကို ပြည်သူများအနေဖြင့် သိရှိထားသင့်သည်။ မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိရှိနိုင်သည်ကို သိရှိထားသင့်သည်။ အဆိုပါအားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးကြီးသည်းထန်၊ ရေကြီး၊ ရေလျှံ၊ မြေပြို၊ လှိုင်းကြီး၊ လေထန် သဘာဝဘေးအန္တရာယ်မှန်သမျှကို ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဖြင့် ဘေးကင်းအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ လတ်တလောဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို အန္တရာယ်ကျရောက်နိုင်သောဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ အန္တရာယ်ကင်းဝေးအောင် လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါကြောင်း။       ။