Skip to main content

ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေး ဝိုင်းဝန်းကြိုးပမ်း

မြန်မာတို့၏ သဘာဝနှင့်ယုံကြည်မှုအရ လူတို့၏ဖြစ်တည်မှုသည် ဖြစ်ပြန်ပျက်ပြန်လောကဓံသဘောကဲ့သို့ နိမ့်တုံမြင့်တုံ အစဉ်အမြဲပြောင်းလဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့ဘောင်လောကဖြစ်တည်မှုတွင်လည်း အလားတူပင်၊ လောကဓံမုန်တိုင်းကြား၌ ရုန်းကန်လှုပ်ရှား အစဉ်ဖြတ်ကျော်နေရပါသည်။ ထိုသဘောတရားအရ ဖြစ်ပေါ်လာသမျှသော အခြေအနေတို့ပေါ်တွင်မူတည်၍ အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ရမည်မှာ လူ့ဘောင်သမိုင်းကို ရေးထိုးကြမည့်သူများ၏ တာဝန်ဖြစ်ပါသည်။

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးသည် အကြောင်းကြောင့် အကျိုးဖြစ်လာရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မမှန်မကန်ဆောင်ရွက်မှုနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူဆောင်ရွက်ခဲ့သည့် အကြောင်းများကြောင့် မြန်မာ့နိုင်ငံရေးသည် အလှည့်အပြောင်းဖြစ်လာရသည်။ အကယ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည့်မတ်မှန်ကန်စွာဖြင့် ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်မည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် တစ်ဖြောင့်တည်းသွားနေမည်ဖြစ်သည်။ မရိုးသားခြင်းကြောင့် နိုင်ငံရေးအချိုးအကွေ့ဖြစ်လာခဲ့ပြီး မြန်မာ့နိုင်ငံရေးကို တည့်မတ်မှန်ကန်စွာဖြင့် လျှောက်လှမ်းနိုင်ရန်အတွက် တပ်မတော်သည် သမိုင်းပေးတာဝန်ကို ကျေပွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်နေသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေပြီး အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ကောင်စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကိုချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်အချက်များဖြစ်သည်။ အဆိုပါ ကောင်းမွန်သောရည်ရွယ်ချက်များ ထားရှိဆောင်ရွက်နေသော်လည်း ပြည်တွင်း/ပြည်ပမှ နှောင့်ယှက်ဖျက်ဆီးမှုများရှိနေသည်။ မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်နေသည်။

နိုင်ငံတော်၏တာဝန် စတင်ယူစဉ်က နိုင်ငံရေးအရစိန်ခေါ်မှုနှင့် ကိုဗစ်-၁၉ ရောဂါခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့သော်လည်း မဆုတ်မနစ်သောဇွဲလုံ့လနှင့် စည်းလုံးညီညွတ်မှုစွမ်းပကားများကြောင့် ကျော်ဖြတ်နိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ပြီး နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ်နိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးစီမံချက်ကိုရေးဆွဲပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ငါးနှစ်စီမံချက်ချမှတ်ပေးကာ နိုင်ငံတော်အားရှေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ပေါ်လာစေရန် လမ်းခင်းပုံဖော်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေမည့် စီမံချက်သည် နိုင်ငံတော်စီးပွားရေးအတွက် အရေးပါသည့် ဥပဒေမူဘောင် ခိုင်မာကောင်းမွန်လာစေရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ကောင်းမွန်လာစေရေးလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းစဉ်များ၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် နိုင်ငံတော်၏ ဦးစားပေးစီးပွားရေးကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည့်အစီအမံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသည့် နည်းပညာ၊ ကုန်ထုတ်လုပ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲစေမည့် အစီအမံများကို ထည့်သွင်းရေးဆွဲပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍများအားလုံးကို တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ အကျိုးခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသော၊ ဆန့်ကျင်နှောင့်ယှက်လျက်ရှိသော သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများရှိနေရာ ယင်းတို့ကို ဖယ်ရှားရှင်းလင်းရေးတွင် တိုင်းရင်းသားပြည်သူများကလည်း ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်