၂၀၁၃ ခုနှစ်တွင် Harakah al - Yaqin (ယုံကြည်ချက်အခြေခံလှုပ်ရှားမှု)ဟူ၍ အာရေဗျဘာသာဖြင့် အမည်ပေးထားသည့် အဖွဲ့က ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ARSA (Arakan Rohingya Salvation Army)ဟူ၍ ဖြစ်လာသည်။ အစ္စလာမ္မစ် ဝါဒီများဟု ကမ္ဘာကရှုမြင်သွားနိုင်စေမည့် အာရေဗျအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်အမည်ပေးပြီး ၎င်းတို့၏ပုံရိပ်ကိုပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ARSA အကြမ်းဖက်အဖွဲ့အစည်းမှာ စင်စစ်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဆူပူသောင်းကျန်းခဲ့ကြသည့် မူဂျာဟစ်ဒင်လှုပ်ရှားမှု၏ အဆက်အနွယ်ပင်ဖြစ်သည်။
လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီများနေရပ်စွန့်ခွာခဲ့ကြသည့်အရေးနှင့်စပ်လျဉ်း၍ လူမျိုးရေး၊ ဘာသာရေး၊ လူနည်းစုအရေး၊ လူ့အခွင့်အရေး၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်မှု စသည်ဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် အပေါင်းအပါများ၊ ၎င်းတို့၏ မီဒီယာများကပါမြန်မာနိုင်ငံကိုစွပ်စွဲဝေဖန်ကြရာတွင် နောက်ခံသမိုင်းကြောင်းနှင့် ဒေသခံရခိုင်လူမျိုးများ၊ အခြားတိုင်းရင်းသားမျိုးနွယ်စုများကိုပါ မေ့ဖျောက်ထားကြသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ရခိုင်ဒေသသို့ စစ်တကောင်းမှဘင်္ဂါလီများကို တံခါးမရှိ ဓားမရှိ ဝင်ခွင့်ပြုခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလတွင် လက်နက်ခဲယမ်းများ ပေးအပ်ခဲ့ခြင်းမှစကာ ၁၉၄၂ ခုနှစ်တွင် ရခိုင်လူမျိုးများ သောင်းနှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသလို ရခိုင်ကျေးရွာများစွာလည်း ပျက်စီးခဲ့ရခြင်းက မည်သည့်အခါတွင်မှ မေ့ပျောက်၍မရနိုင်သောသမိုင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းတွင်လည်း မူဂျာဟစ်တို့က ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဒေသတို့ကို အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်)နှင့် ပေါင်းစည်းရေးကြိုးပမ်းခဲ့ကြသလို မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တိုင်းတွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုရိုးအတိုင်း အမြတ်ထုတ်လေ့ရှိကြသည့်အလျောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက်လာချိန်မှစကာ ခေတ်ဟောင်းမူဂျာဟစ်တို့၏ နောက်မျိုးဆက်များက အဖွဲ့အစည်းပုံစံလှုပ်ရှားလာကြခြင်းဖြစ်သည်။ ယခင်က မူဂျာဟစ်တို့နည်းတူပင် ARSA သည်လည်း နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးယန္တရားများတွင် ပါဝင်သူများ၊ ဒေသခံတိုင်းရင်းသား အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ခြင်းနှင့် ၂၀၁၇ ခုနှစ်တွင် အင်အားထောင်နှင့်ချီကာ ကျေးရွာများ၊ တပ်မတော်တပ်စခန်းများနှင့် ရဲကင်း ၃၀ ကျော်တို့ကို တစ်ပြိုင်တည်းတိုက်ခိုက်ကာ ပဋိပက္ခကြီးတစ်ခုကို အကွက်ချဖန်တီးပြီး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများကို ပြန်လည်နှိမ်နင်းတိုက်ခိုက်ချိန်တွင် ရခိုင်မြောက်ပိုင်းမှ င်္ဂါလီများကို တစ်ဖက်နိုင်ငံဆီသို့ ပြေးစေခဲ့ခြင်းဖြစ်သည်။
ဤသို့ဖြင့် တစ်ဖက်နိုင်ငံနယ်မြေအတွင်း အနောက်အုပ်စုမီဒီယာများ၏ ရေးကွက်ဖြစ်သလို အိုင်အင်န်ဂျီအို၊ အင်န်ဂျီအို အဖွဲ့အစည်းများ၏ စားကွက်လည်းဖြစ်သော ဒုက္ခသည်စခန်းကြီး ပေါ်ပေါက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအရှေ့ဘက်နယ်စွန်နယ်ဖျားမှ မှောင်ခိုလမ်းကြောင်းအသီးသီးကို ဖြတ်သန်းရောက်ရှိလာသည့် မူးယစ်ဆေးကုန်သွယ်မှု လမ်းကြောင်းက ARSA နှင့် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်များနှင့် ဆက်စပ်နေသည့် အထောက်အထားများကို သတင်းများ၌တွေ့ရှိရသည်။ ဒုက္ခသည်စခန်းအတွင်းဒုက္ခသည် စစ်စစ်များသာမက ဒုက္ခသည်အမည်ခံအကြမ်းဖက် သမားများနှင့် ရာဇဝတ်ဂိုဏ်းသားများပါ ရောနှောနေခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ထုတ်လျက်ရှိရာ ကမ္ဘာပေါ်တွင် အကြီးဆုံးဟုဆိုသည့် အဆိုပါဒုက္ခသည်စခန်းသည် အကြမ်းဖက်အဖွဲ့နှင့် မူးယစ်မှောင်ခိုတို့ ခိုလှုံရာဖြစ်နေပြီလောဟူ၍ သက်ဆိုင်ရာနိုင်ငံက စစ်ကြောသင့်ပြီဟု ရှုမြင်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်