Skip to main content

ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး

ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ကူးစက်မှုစတင်သောအခါ ဦးဆုံးထိခိုက်ခံစားရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်မှု အရှိန်လျော့ကျလာပြီး နိုင်ငံအသီးသီးတို့၏ စီးပွားရေးယန္တရားများ ပြန်လည်မောင်းနှင်ကြရာတွင်လည်း ခရီးသွားလုပ်ငန်းများဖြင့် စတင်ကြပြီး အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်း နိုင်ငံအချို့တို့ အရှိန်အဟုန်ရရှိနေကြပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ဂျီဒီပီအတွက် ဝန်ဆောင်မှု ကဏ္ဍတွင်ပါဝင်ပြီး ဆက်စပ်ပါဝင်နေသည့် လုပ်ငန်းများစွာ တို့ကိုလည်း ဖွံ့ဖြိုးတိုးတက်စေသည်။ ဒေသအလိုက်၊ ကဏ္ဍအလိုက် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖြစ်ထွန်းစေသည့်အတွက် ဝင်ငွေများလည်း ပိုမိုရရှိစေသည်။ မိမိတို့နိုင်ငံ တွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ် လာသော မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခများ စသည့်အကြောင်းများကြောင့် ခရီးသွားလုပ်ငန်းများ အထနှေးနေချိန်တွင် အိမ်နီးချင်းနိုင်ငံအချို့၌ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်နှင့်ချီ၍ ရရှိနေကြပြီဖြစ်သည်။

ခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး လည်ပတ်နိုင်သည်နှင့်အမျှ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း၊ ခရီးသည်ပို့ဆောင် ရေးလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ အမှတ်တရပစ္စည်းထုတ်လုပ်မှုလုပ်ငန်း အစရှိသည့်လုပ်ငန်းများ လည်ပတ်နိုင်ပြီး ယင်းလုပ်ငန်းများတွင် ဝင်ရောက်လုပ် ကိုင်သူများအတွက် ပုံမှန်ဝင်ငွေများ စီးဆင်းဝင်ရောက်လာ နိုင်မည်ဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေးတို့ကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရန် လိုမည်ဖြစ်သည်။

ယခုရက်ပိုင်း သတင်းတစ်ပုဒ်တွင် ချောင်းသာဒေသသို့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် နှစ်သိန်းငါးသောင်းရှစ်ထောင်ကျော် ဝင်ရောက်ခဲ့ပြီး ငွေဆောင်ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် နှစ်သိန်းတစ်သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားရာ မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများအတွက် အလားအလာကောင်းများ ရှိနေသည်ကို မှန်းဆနိုင်သည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အတွက် ခရီးသည်များ ပိုမိုလာရောက်စေရန် ဆွဲဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများ ဖြည့်တင်းပေးရေး၊ ခရီးစဉ်ပုံစံအသစ်၊ ဒေသအသစ်များ ဖော်ဆောင်ရေး၊ ခရီးသွားဈေးကွက်ဆိုင်ရာ သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ရေး၊ အွန်လိုင်းမှ တစ်ဆင့် ခရီးသွားများအတွက် ဝန်ဆောင်မှုများပေးနိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးသည်နှင့်အမျှ ခရီးသွားလုပ်ငန်းသည်လည်း အတိုင်းအတာတစ်ရပ်အထိ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် ကျော်ကြားသည့် နိုင်ငံများဖြစ်သကဲ့သို့ တရုတ်လူမျိုးနှင့် ထိုင်းလူမျိုးတို့ ကိုယ်တိုင်ကလည်း ခရီးသွားသူများဖြစ်နေကြသည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ခွင်ခရီးသွား သူဦးရေ သန်းပေါင်း ၁၃၁၂ ရှိသည့်အနက် တရုတ်လူမျိုး ၆၀ ဒသမ ၇ သန်းနှင့် ထိုင်း လူမျိုး ၃၅ ဒသမ ၄ သန်းတို့ ပါဝင်နေရာ အိမ်နီးချင်းခရီးသည် များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရေး၊ ပြည်တွင်း ခရီးသွားလာမှုများ ပိုမိုဖွံ့ဖြိုးလာရေးတို့မှစတင်၍ မြန်မာ့ခရီးသွားလုပ်ငန်း ကဏ္ဍတစ်ရပ်လုံး ပြန်လည်ရှင်သန်ဖွံ့ဖြိုး ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ပါစေကြောင်း။ ။