Skip to main content

မြန်မာ့ MSME များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး

အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည်။ နိုင်ငံ့စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသော MSME ခေါ် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများဟူ၍ လေးမျိုးလေးစားရှိသည့်အနက် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Manufacturing Sector) က ၄၀ ရာခိုင်နှုန်းရှိပြီး အရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ တစ်ဖန် မြန်မာ့စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာလည်း လုပ်ငန်းငယ်များဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုစစ်တမ်းအရ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ထုတ်လုပ်မှုလုပ်ငန်း အများစုတည်ရှိနေပြီး ထုတ်လုပ်မှုလုပ်ငန်းများ၏ အခြေခံအုတ်မြစ်မှာ စားသောက်ကုန်လုပ်ငန်းဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်မှု လွန်စွာနည်းပါးပြီး နည်းပညာနိမ့်ကျခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာနည်းပါးကြောင်း၊ လုပ်ငန်းသုံးစက်ကိရိယာများမှာလည်း လက်ဖြစ်ကိရိယာ (Hand Tool) များနှင့် စက်အိုစက်ဟောင်း၊ စက်တစ်ပတ်ရစ် (Old and Second Hand Machinery) များဖြင့် လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကြီးအချို့မှလွဲ၍ ကျန်လုပ်ငန်းများတွင် ဈေးကွက်လက်လှမ်းမှီမှု (Market Access) ကို ဖြစ်စေမည့် International Standard လွန်စွာ နည်းပါးကြောင်း သိရှိရသည်။

မိမိတို့နိုင်ငံတွင် MSME လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ ကုန်ကြမ်းရရှိရန် သေချာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံသည့် တန်ဖိုးရှိ၊ တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ဒေသတွင်းရှိ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို အခြေခံသည့် တန်ဖိုးရှိနှင့် တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ခြင်းတို့ကို အခြေခံကျကျ ထုတ်လုပ်ရန်၊ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်တိုက်တွန်းမှုများ ပြုထားသည်။ MSME များအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် ငွေကြေးအရင်းအနှီးလိုအပ်ချက်၊ လူသားအရင်းအမြစ်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးတို့ အတွက်လည်း အကြံပြုဆွေးနွေးခဲ့ပြီး မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစု၏ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကို အရည်အသွေးမီအောင် ဆောင်ရွက်ရေးအတွက်လည်း တိုက်တွန်းထားသည်။

MSME များမှ ထုတ်ကုန်များ၏ အားနည်းချက်များဖြစ်သော အရည်အသွေးကောင်းမွန်ရေးအတွက် ခေတ်မီနည်းပညာများနှင့် စက်ကိရိယာများလိုအပ်သကဲ့သို့ ဆန်းသစ်တီထွင်မှုများလည်း လိုအပ်သည်။ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရောင်းဝယ်မှုနှင့် အခြားကဏ္ဍအားလုံးတွင် ဆန်းသစ်တီထွင်မှုတို့ စဉ်ဆက်မပြတ်ရှိနေမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ ဆန်းသစ်တီထွင်မှုများက စားသုံးသူဖောက်သည်များကို ဆွဲဆောင်နိုင်မှုဖြစ်စေသကဲ့သို့ စိတ်ကျေနပ်မှုနှင့် သက်သောင့်သက်သာ ဖြစ်စေသည့်အလျောက် အသေးစိတ်ကလေးမှအစ ယခင်က လုံးဝမရှိခဲ့ဖူးသေးသော ဖန်တီးမှုအသစ်များအထိ ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖော်ဆောင်ကြကာ မြန်မာ့ MSME များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ မဆုတ်မနစ် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။        ။