ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ရောင်းဝယ်ဖောက်ကား ကုန်သွယ်မှုလုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ ဥပဒေများအတိုင်း အလေးထား လုပ်ကိုင်ဆောင်ရွက်ကြသည်။ စည်းကမ်းဥပဒေ ဖောက်ဖျက်သူရှိပါလျှင်လည်း ထိရောက်စွာ အရေးယူခြင်းခံကြရသည်။ စီးပွားရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအားလုံးတို့က အလေးထားလိုက်နာဆောင်ရွက်ကြသဖြင့် လူမှုစီးပွားတည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပိုင်ဆိုင်ကြသည်။
တရားမဝင်ကုန်သွယ်မှု ဖြစ်ပေါ်နေခြင်းအကြောင်းမှာ ဝိသမစီးပွားရေးသမားများနှင့် မသမာသူများက ဥပဒေကိုဖောက်ဖျက်ကျူးလွန်သည့် တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုများမှာ ၎င်းတို့အတွက် အကျိုးစီးပွားဖြစ်ထွန်းနေသဖြင့် ကြီးထွားနေခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ “တရားမဝင်ကုန်သွယ်မှုများ ရှင်သန်ကြီးထွားနေသည့် အကြောင်းခြင်းရာ များစွာရှိသည့်အနက် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများရှိသကဲ့သို့ ဝန်ထမ်းအချို့၏ ငွေကြေးရယူခွင့်ပြုမှုများကြောင့် တားဆီးနိုင်မှု မရှိခြင်းများလည်းရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အသိပေးပြောကြားထားသည်။
တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်စေသော အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်။ စီးပွားရေးအပိုင်းတွင် တရားဝင် လုပ်ကိုင်ဆောင်ရွက်နေသော၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများအား ထိခိုက်မှုဖြစ်စေသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ တွေ့ဆုံပွဲတစ်ခုတွင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ရေးအတွက် တရားမဝင်ကုန်စည်တင်သွင်းမှုများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ကို လုပ်ငန်းရှင်များက တင်ပြခဲ့ကြသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ အကောက်ခွန်မဲ့ ဝင်ရောက်လာသည့် ကုန်စည်များကို ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် စီးပွားရေးတွင် ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို အားပေးမြှင့်တင်လျက်ရှိရာ MSME လုပ်ငန်းများ ရှင်သန်ရပ်တည်မှုကို ဖျက်ဆီးနေသည့် တစ်နည်းအားဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်ပစ္စည်း ခိုးသွင်းနေမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေး တိုက်ဖျက်သွားရမည်ဖြစ်သည်။ စိုက်ပျိုးသူ တောင်သူများ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီရောက်ရှိရေး အဟန့်အတားမဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်သလို တစ်ဖက်တွင် လုံခြုံရေးအရ အမိုနီယမ်နိုက်ထရိတ်ဓာတုပစ္စည်းများ ဝင်မလာစေရန်လည်း သတိပြုရမည်ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လည်း သတိပြုတားဆီးရမည်ဖြစ်သည်။
လက်ရှိကာလတွင် နိုင်ငံအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးသွင်းလျက်ရှိရာ ဖမ်းဆီးရမိမှုများရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် မသမာသူ အဖျက်သမားများက ခိုးဝှက်သယ်ဆောင်လာခြင်းမရှိစေရေး အလေးထားစစ်ဆေးသွားရန် အသိပေးလျက်ရှိသည်။ နိုင်ငံအတွင်း အရည်အသွေးပြည့်မီသည့် စားသုံးဆီဖူလုံရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရက စနစ်တကျ စီမံဆောင်ရွက်ပေးနေချိန်တွင် အကောက်ခွန်မဲ့ စားသုံးဆီ သယ်ဆောင်မှုများရှိနေသဖြင့် ယင်းတို့ကို ထိထိရောက်ရောက် စစ်ဆေးတားဆီး သွားကြရမည်ဖြစ်သည်။
ဒေသဆိုင်ရာ အကောက်ခွန်သက်သာခွင့်အစီအစဉ်အရ အခြားနိုင်ငံများတွင် မရရှိနိုင်သည့် အကောက်ခွန်သက်သာခွင့်ကို မြန်မာနိုင်ငံ၌ ခွင့်ပြုပေးထားရာတွင် နိုင်ငံ့ထွက်ကုန်ပစ္စည်းများကိုသာ သီးခြားသက်သာကင်းလွတ်ခွင့်ပေးထားရာ နိုင်ငံတကာစည်းမျဉ်း၊ စည်းကမ်း၊ ကတိကဝတ်များကို လေးစားလိုက်နာမှုနှင့် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများ၏ ယုံကြည်မှုကိုပါ မထိခိုက်စေရေး ဆောင်ရွက်ရန် လိုအပ်သည်။ တရားမဝင်ကုန်သွယ်မှုကို ပပျောက်သွားအောင် လက်ရှိအချိန်တွင် မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အစွမ်းကုန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ တရားမဝင်ကုန်စည်များတားဆီးရေးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဓာတ်ဖြင့် သတင်းအချက်အလက်များ ပေးပို့ကြသော ပြည်သူများကို ထိုက်သင့်သည့် အသိအမှတ်ပြုမှုနှင့် ဆုကြေးငွေများ ခွဲဝေပေးလျက်ရှိသည်။
သို့ဖြစ်ရာ တရားမဝင်ကုန်စည်များ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံ့စီးပွားရေးနှင့် လုံခြုံမှုကို ထိခိုက်မှုဖြစ်စေသဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် တာဝန်သိသိ သစ္စာရှိရှိ ဝိုင်းဝန်းပူးပေါင်း လက်တွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။