Skip to main content

အိမ်သာမှ ဧည့်လာ

သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍ၌ပါဝင်ပြီး အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ကိုဗစ် - ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရသည့်အတွက် ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများရှိခဲ့သလို ယင်းလုပ်ငန်းတွင်မှီခို၍ သက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြရသူများစွာတို့လည်း စားဝတ်နေရေး ခက်ခဲခဲ့ကြရသည်။ ယခုအခါ ကိုဗစ် - ၁၉ ကူးစက်မှု ပြည်တွင်း၌ လျော့နည်းကျဆင်းနေပြီး ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာခြင်းနှင့်အတူ အလားအလာကောင်းတို့လည်း မျှော်လင့်၍ရနိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။

မြန်မာလူမျိုးတို့မှာ ခရီးသွားဝါသနာထုံသူများဖြစ်ကြပြီး ပြည်တွင်းခရီးသွားလာရာတွင် ဘုရားဖူးခြင်းနှင့် ဒေသန္တရ ဗဟုသုတအလည်အပတ်သွားကြခြင်းက အများစုဖြစ်သည်။ သမိုင်းဝင်စေတီပုထိုး၊ ဘုရားကျောင်းကန်များနှင့် ယဉ်‌ကျေးမှု အမွေအနှစ်များ၊ ဒေသအလိုက်ကွဲပြားခြားနားစွာ တည်ရှိနေကြသည့် သဘာဝအလှအပများ၊ ရိုးရာဓလေ့ထုံးစံများနှင့်

လူမှုဘဝများ၊ ဒေသအစားအစာများနှင့် ဒေသခံပြည်သူများ၏ ရင်းနှီးဖော်ရွေမှုများက ခရီးသွားပြည်သူများကို မိမိတို့ဒေသသို့ လာရောက်စေမည့် ဆွဲဆောင်မှုများပင်ဖြစ်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားထင်ရှားပြီးသားဖြစ်သည့် ခရီးသွားနေရာဒေသများအပြင် ထပ်မံဖော်ထုတ်နိုင်သည့် နေရာဒေသအများအပြားရှိနေရာ မိမိတို့နေရပ် ဒေသစီးပွားပွင့်လန်းလာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ဒေသခံတို့ကိုယ်တိုင် အားထုတ်ကြိုးပမ်းကြရန်လိုသည်။

မိမိတို့ဒေသသို့ လာရောက်သူများ စိတ်ချမ်းမြေ့မှုရှိစေရေး မြို့ရွာများသန့်ရှင်းသာယာလှပစေရန် အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာခရီးသွားများ လာရောက်မှုပိုမိုများပြားပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသတွင်းတည်ရှိသည့် ဘုရားကျောင်းကန်များအား အများပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုချိန်တွင် စိတ်ကြည်နူးချမ်းမြေ့စွာဖြင့် ဖူးမြော်နိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းသာယာစေရေးအတွက်လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ MSME လုပ်ငန်းများတွင် ဝန်ဆောင်မှုလုပ်ငန်းသည်လည်း ပါဝင်သဖြင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အိမ်သာလျှင် ဧည့်လာသည်ဟူသော ဆိုရိုးစကားကဲ့သို့ပင် မြို့ရွာများ တည်ငြိမ်အေးချမ်းပြီး သန့်ရှင်းသပ်ရပ်လှပကာ ဒေသခံပြည်သူတို့၏ ဖော်ရွေပျူငှာမှုတို့က ခရီးသွားလုပ်ငန်းများ အောင်မြင်ရေးတွင် အရေးပါသည့်အလျောက် မိမိတို့၏ ရပ်ရွာများတွင် ဘုရားကျောင်းကန်များ ပြုပြင်ထိန်းသိမ်းရေး၊ အရိပ်ရပင်၊ သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းစိုပြည်ရေး၊ အမှိုက်သရိုက်များနှင့် အမြင်မတင့်တယ်မှုများ ကင်းစင်ရေး၊ ဈေးများ၊ ဆိုင်များ၊ လမ်းများ သန့်ရှင်းသပ်ရပ်ရေး စသည်တို့မှာ ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များဖြစ်သည်။ ခရီးသွားပြည်သူများ လာရောက်ကြသည့် ခရီးစဉ်ဒေသများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဒေသခံပြည်သူများအတွက် အခွင့်အလမ်းသစ်များ ထွက်ပေါ်လာခြင်းနှင့်အတူ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း။ ။