Skip to main content

ကူးစက်ရောဂါကြိုတင်ကာကွယ် တစ်ကိုယ်ရေကျန်းမာရေးဦးစားပေး

ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များသည် ကမ္ဘာ့နိုင်ငံအချို့တွင် ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးဘဲ လူတို့၏ကျန်းမာရေးသတိမမူပြုမူနေထိုင်မှုနှင့် ပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ လှိုင်းအမျိုးမျိုးကို ကာကွယ်ကုသဖြတ်ကျော်လာနိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ကာလများတွင် ရောဂါကူးစက်မှုများ ပြန်လည်မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကို စဉ်ဆက် မပြတ်ဆောင်ရွက်လာခဲ့ပြီး နိုင်ငံတော်အစိုးရ၏ အလေးထားဆောင်ရွက်ပေးမှု၊ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးအုပ်စုအလိုက် တစ်နိုင်ငံလုံး လွှမ်းခြုံထိုးနှံပေးနိုင်မှု၊ ပြည်သူများ၏ အသိစိတ်ဓာတ်ရှိစွာဖြင့် နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်မှုများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ရောက်ရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ ယခုလဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အတည်ပြုလူနာသစ် ရာဂဏန်းဝန်းကျင်ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်လျော့ကျလာပြီး နိုဝင်ဘာလ ၂၄ ရက်တွင် ၂၂ ဦး၊ နိုဝင်ဘာလ ၂၅ ရက်တွင် ၁၉ ဦး၊ နိုဝင်ဘာလ ၂၆ ရက်တွင် ၂၀၊ နိုဝင်ဘာလ ၂၇ ရက်တွင် ၁၀ ဦးဖြင့်ရောဂါကူးစက်မှု သိသာစွာကျဆင်းလာသည်ကို တွေ့ရသည်။

ယခုအခါတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပွား၊ သေဆုံးနှုန်းများ လျော့နည်းကျဆင်းလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲစစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၃၆ ရက်အတွင်း ဆက်တိုက် နှစ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိသည်ကို တွေ့ရသည်။ ဆေးပညာသုတေသနတွေ့ရှိချက်များအရ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း တွေ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများက အသိတရားဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုများသိသာစွာ လျော့ကျလာသော်လည်းရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်မြင့်တက်မလာစေရန်အတွက် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲ၍ နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ်နည်းလမ်းဖြင့် လိုက်နာဆောင်ရွက်သင့်ပါသည်။ ယင်းမှာ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် တစ်ကိုယ်ရေကျန်းမာရေးကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ကြရန်ဖြစ်သည်။ အသက်(၅)နှစ်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်လိုအပ်သည်။

အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင် သောနေရာများ၌ ရောက်ရှိနေစဉ် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် ထားကြရန်လိုအပ်သည်။ လက်ကို ဆပ်ပြာ၊ ရေ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သည့် လက်သန့်စင်ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောပေးသင့်သည်။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ကြဉ်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်မထားချိန်တွင် ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါရန် တိုက်တွန်းအပ်ပါသည်။ အထက်ပါ အလေ့အထများသည် ရောဂါကာကွယ်ရေးအတွက် အစဉ်အမြဲလုပ်ဆောင်ရမည့် အချက်များဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းသွား၍ မပစ်ပယ်မိရန်သတိ ပြုရမည်ဖြစ်သည်။

ယခုအခါ ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မေ့လျော့မထားဘဲ ဆက်လက်လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်သော နေထိုင်မှုဘဝများကို ရရှိပိုင်ဆိုင်နိုင်ရန် ရောဂါ ကာကွယ်ရေးနည်းလမ်းများအပြင် နေ့စဉ်ပုံမှန်လမ်းလျှောက်သည့် အလေ့အထကောင်းများကို တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အစုအဖွဲ့အနေဖြင့်လည်းကောင်း ပုံမှန်လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။   ။