Skip to main content

အိတ်ချ်အိုင်ဗွီကူးစက်မှုမှ ကာကွယ်ရေးအန္တရာယ်ရှိ အပြုအမူများကို ရှောင်ကြဉ်

ယနေ့သည် အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသည့် အေအိုင်ဒီအက်စ်ရောဂါကူးစက်ပျံ့နှံ့မှုကို အများပြည်သူတို့ သတိမူနိုင်ကြစေရန် ရည်ရွယ်၍ သတ်မှတ်ထားသည့် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” (World AIDS Day) ဖြစ်သည်။ ထို့အပြင် အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသွားခဲ့ရသူများကို အမှတ်ရစေရန်နှင့် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝပပျောက်သွားစေရေးအတွက် ကြိုးပမ်းရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိတ်ချ်အိုင်ဗွီပိုးရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပါဝင်လာကြစေရန်လည်း ရည်ရွယ်သည်။

မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသူများကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူဦးရေ ၂၄၀၀၀၀ ကျော်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း ၀ ဒသမ ၅၇ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ၂၈၀၀၀ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၁၁၀၀၀ သို့ ကျဆင်းလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် အိတ်ချ်အိုင်ဗွီပိုးအသစ် ကူးစက်ခံရသူများ၏ ထက်ဝက်ကျော်ခန့်မှာ ဦးတည်အုပ်စုများဖြစ်ကြသည့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ၊ အမျိုးသားချင်း လိင်တူချစ်သူများနှင့် ထိုသူတို့၏ လိင်ဆက်ဆံဖော်များ၊ လိင်လုပ်သားများဖြစ်ကြပြီး မြန်မာနိုင်ငံတွင် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၏ ၁၉ ရာခိုင်နှုန်း၊ အမျိုးသားချင်းလိင်တူဆက်ဆံသူများ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းတို့တွင် အိတ်ချ်အိုင်ဗွီပိုး တွေ့ရှိရသည်ဟုဆိုသည်။

ယခုအခါ ကူးစက်နိုင်စွမ်းမြင့်မားသည့် မျိုးဗီဇပြောင်းအိတ်ချ်အိုင်ဗွီဗိုင်းရပ်စ် မျိုးကွဲသစ်တစ်မျိုးကို နယ်သာလန်နိုင်ငံရှိ ၎င်းတို့၏နိုင်ငံသား ၁၀၀ ကျော်တွင်တွေ့ရှိထားကြောင်း၊ ၎င်းဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် အေအိုင်ဒီအက်စ်ကူးစက်မှုသည် လက်ရှိအိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ထက် နှစ်ဆပိုမိုမြန်ဆန်ကြောင်း သတင်းများတွင်ဖော်ပြခဲ့ရာ အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မှုသတိပြုကာကွယ်ရေးအတွက် ယခင်ထက်ပို၍ နိုးနိုးကြားကြားရှိဖို့ လိုအပ်လာသည်။

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်မှာ အန္တရာယ်ရှိသော အပြုအမူများဖြစ်သည့် မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းခြင်း၊ လိင်တူလိင်ကွဲလိင်မှုကိစ္စရှုပ်ထွေးခြင်းတို့ကို ရှောင်ကြဉ်ကြရန်လိုအပ်ပြီး ရောဂါပိုးရှိ သူ၏သွေးကိုသွင်းမိခြင်း၊ ဆေးထိုးအပ်၊ ဘလိတ်ဓား၊ သွားပွတ်တံတို့ မျှဝေသုံးစွဲခြင်းတို့မပြုမိရန်လည်း ဂရုပြုကြဖို့လိုသည်။ အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူများအနေဖြင့်လည်း အချိန်မီကုသမှုခံယူပြီး ဆေးမှန်မှန်သောက်ခြင်းဖြင့် လူ့ဘဝသက်တမ်းစေ့နီးပါးခန့်နေနိုင်ကြပြီဖြစ်ရာ နောက်ထပ်လူများကို မကူးစက်စေရအောင် မိမိကိုယ် မိမိတာဝန်ယူထိန်းသိမ်းနေထိုင်ကြခြင်းဖြင့် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကြရပါမည်ဖြစ်ကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်