ပြည်သူတွေအနေနဲ့ သတင်းအမှန်ရရှိဖို့ လိုအပ်သလို တစ်ဖက်ကလည်း သတင်းအမှားတွေကြောင့် လူတွေရဲ့ စိုးရိမ်သောကဖြစ်မှုတွေကိုလည်း ချေဖျက်ဖို့လိုနေပါတယ်
(ဒေါက်တာခင်မောင်လွင်)
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် သတင်းမှားများဖြင့် အထိတ်တလန့်ဖြစ်စေမှုများကို ရှောင်ရှားရန် အသိပညာပေးဆွေးနွေးပွဲကို မတ် ၂၆ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ စာရေးဆရာမ ဂျူး၊ ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နှင့် တေးသံရှင် ဖြိုးပြည့်စုံတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဒေါက်တာခင်မောင်လွင်
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ လူတွေရဲ့ စိုးရိမ်စိတ်ပေါ်မှာ မူတည်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပါတယ်။ ဒီသတင်းတွေမှာ သတင်းအမှန် ဖြန့်ချိရေးသည် ပို၍အရေးကြီး ပါတယ်။ ဒါကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းအားပေးပါတယ်။ ပြည်သူတွေ အနေနဲ့ သတင်းအမှန်ရရှိဖို့ လိုအပ်သလို တစ်ဖက်ကလည်း သတင်းအမှားတွေကြောင့် လူတွေ ရဲ့ စိုးရိမ်သောကဖြစ်မှုတွေကိုလည်း ချေဖျက်ဖို့ လိုနေပါတယ်။ ပထမဦးဆုံး အနေနဲ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီး ထုတ်ထားတဲ့အချက် အလက်တွေထဲမှာ သတင်းမှားမဖြစ်စေရေး၊ သတင်းမှန်ဖြန့်ချိရေးအတွက် ဘယ်လိုပုံစံတွေနဲ့ လုပ်နေသလဲဆိုတာ ဆရာသန်းနိုင်စိုး နည်းနည်း ပြောပြပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး
ကိုဗစ်-၁၉ စတင်တဲ့အချိန်ကစပြီးတော့ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခက်အခဲ တစ်ခုကတော့ ဒီသတင်းအမှားတွေပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီ Right Information ကို Right Time ပေါ့၊ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့ပေါ့။ ဒါတွေ ကျွန်တော်တို့က အစကတည်းက ကျွန်တော် တွေ့တာ Risk Communication လို့ခေါ်ပါတယ်။ ဒါ အန္တရာယ် တစ်ခုခုနဲ့ ရင်ဆိုင်နေရတယ်။ ဒါကျွန်တော်တို့အတွက်လည်း ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်တယ်။ အဲဒီချိန်မှာ ကျွန်တော်တို့က Communicate လုပ်ရတာ ခက်ခဲပါတယ်။ ပုံမှန်ကျန်းမာရေးပညာအသိပေး၊ သတိပေး တာတွေနဲ့ မတူဘူး။ တစ်ဖက်ကလည်း အပူကလည်း ရှိနေတယ်။ အဲဒီအချိန်မှာ နည်းနည်း ဖြစ်တဲ့ဟာကို များများပြောသလို များများဖြစ်တဲ့ဟာကို နည်းနည်းပြောပြီးတော့ ဒီပြည်သူ တွေကို လမ်းကြောင်းမှားအောင် လုပ်နေတဲ့ ဟာတွေလည်း သတင်းတွေ အထူးသဖြင့် ဖေ့စ်ဘုတ်ပါ။ ကျွန်တော်တို့ လူမှုမီဒီယာက အင်မတန်မှ ထိန်းချုပ်ရခက်ပါတယ်။ ဒီဟာကို ကျွန်တော်တို့က သိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီးတော့ အချိန်မီ သတင်းတွေကို ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက တောက်လျှောက် လွှင့်တင်တယ်။ ပုံမှန်အတိုင်းဆို ည ၈ နာရီ တစ်ခေါက်၊ ည ၈ နာရီ ၁၅ တစ်ခေါက် လွှင့်တင်သလို ည ၁၀ နာရီမှာလည်း လွှင့်တင်ပါတယ်။
ကျွန်တော်တို့ဝန်ကြီးဌာနမှာ ဒီ Rumor Surveillance ဆိုပြီး ဒီ IT ကျွမ်းကျင်တဲ့ ဆရာဝန်တွေ ရယ်၊ နောက် IT ပညာရှင်တွေရယ် ပေါင်းပြီးတော့ ကျွန်တော်တို့ အဖွဲ့လေးတစ်ခု ဖွဲ့ထားပါတယ်။ ဒီအဖွဲ့က တစ်ချိန်လုံး ဖေ့စ်ဘုတ်နဲ့ မီဒီယာမှာ ဘာတွေတက်သလဲ ဆိုတာ ကြည့်တယ်၊ တက်တာနဲ့အမျှ အချိန်နဲ့တစ်ပြေးညီ ရှင်းလင်းပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ Facebook Team နဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားတာ ရှိပါတယ်။ ဖေ့စ်ဘုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုပြီးတော့ မြန်မာလို ရိုက်ကြည့်လိုက်ရင်လည်း အရင်ဆုံး Go to ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုတဲ့ Facebook Page တက်ပါတယ်။ အင်္ဂလိပ်လို ရိုက်လိုက်ရင်လည်း မြန်မာပြည်ဧရိယာထဲက နေပြီးတော့ ရိုက်လိုက်တာနဲ့ Facebook Team က Customize လုပ်ပေးထားပါတယ်။
နောက်တစ်ခုကတော့ ဒီပူပန်ကြောင့်ကြ မှုတွေဖြစ်လာရင် ဒီဆက်သွယ်နိုင်မယ့် Hot-line ထားပေးထားပါတယ်။ ကြေလည်း ကြေညာထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် Air-port Health အနေနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ ဗဟိုအနေနဲ့ ဆက်သွယ်နိုင်မယ့် 24/7 ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကနေပြီးတော့ ပြောရေးဆိုခွင့်ရှိသူတွေ ရှိပါတယ်။ ဒေါက်တာဒေါ်ခင်ခင်ကြီးဆိုတာ အားလုံးလည်း သိကြမယ်ထင်ပါတယ်။ သူက တစ်ချိန်လုံး မီဒီယာတွေရဲ့မေးမြန်းမှုတွေကို ဖြေကြားပေးနေတယ်။ သူ့ Facebook Wall ပေါ်မှာလည်း တင်တယ်ပေါ့နော်။
သူက ကျွန်တော်တို့ ဒီဝန်ကြီးဌာနက တင်ပြီးမှ တင်ပါတယ်။ Share လုပ်ပေးပါတယ်။ ဒါတွေ ကတော့ ကျွန်တော်တို့ Risk Communication အပိုင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်တာပါ။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်တော် တို့ Media Advocacy ပါ။ ဘာလို့လဲဆိုတော့ ဒီတချို့ Media ကြီးတွေကလည်း Source ကို သေချာမလိုက်မိဘဲနဲ့ ပြန် Share မိတဲ့ အပိုင်း တွေ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သေချာလုပ်တဲ့အခါကျတော့ တကယ့် Media ကြီး တွေကိုယ်တိုင်က ကျွန်တော်တို့ Website က Source တွေကိုကြည့်ပြီးတော့ ပြန် Share လုပ်တဲ့အပိုင်းလည်း ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ သတင်းမီဒီယာကောင်စီကလည်း ဆရာကြီးပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် တို့အဖွဲ့တွေ တက်ပါတယ်။ တက်ပြီး နားထောင်ပြီးတဲ့ အခါကျတော့ လိုအပ်ရင် ဒီသတင်းတု တွေ၊ သတင်းမှားဖြန့် တဲ့ဟာတွေ ကျွန်တော်တို့ ဒီမီဒီယာကောင်စီ ဥပဒေအရ အရေးယူနိုင်မယ့် အပိုင်းကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားရှိပါတယ်။
ဒေါက်တာခင်မောင်လွင်
ဒါတွေကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်တိုင်က ခံနေရတဲ့အပိုင်းတွေလည်း ရှိတာပေါ့။ မြန်မာပြည် တင်မကပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကို In-fodemic လို့ ပြောကြပါတယ်။သတင်းကနေပြီး ရောဂါပြန့်နေတယ်။ သတင်းရောဂါက ရောဂါပိုးထက် ပိုဆိုးနေတယ်ဆိုတဲ့ အနေအထားမျိုး ထိရောက်မှုတွေ ရှိနေတယ်။
အခုဆိုရင် ပါနေတဲ့သတင်းတွေအကုန်လုံးက ပြည်သူလူထုတွေ အမှန်အမှား မဝေခွဲနိုင်တဲ့ ပြဿနာက အဓိကဖြစ်နေတယ်။ ဒီလိုအမှန်အမှားကို ဝေခွဲနိုင်အောင် ဘယ်လိုလုပ်သင့်သလဲ။ ပြည်သူတွေအနေနဲ့ပေါ့လေ ဘယ်လိုအဆင့်မျိုးဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားသင့်သလဲ။ ဒါလေးလည်း ဆွေးနွေးစေချင်ပါတယ်။
စာရေးဆရာမ ဂျူး
အမှန်အမှားသိဖို့ဆိုတာတော့ ပြည်သူတွေပေါ့။ အဓိကက အခုလောလောဆယ် ကျွန်မတို့က မှားတာတွေ တွေ့နေရတာက Social Media မှာ မှားတာ တွေ့နေရတယ်။ ဥပမာ ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ မှားတာမရှိဘူး။ မရှိသလောက်ပါပဲ။ အလွန်ဆုံးမှားရင် သတ်ပုံအမှား လောက်ပါပဲ။ အထားအသိုမှားမယ်။ အဲဒီလောက်ပဲ။ Social Media ကျတော့ Editor လည်း မရှိဘူး။ မရှိတော့ သူတို့ တင်ချင်သလို တင်တယ်။ အများစုက သူတို့ သတင်း တစ်ခုကြားပြီဆို ဦးချင်တာ။ ဦးချင်တဲ့အတွက် အများအားဖြင့် မျှဝေ (Share) ကြတာပေါ့။ အဲဒီမျှဝေတဲ့နေရာမှာ ကျွန်မကတော့ ဖြစ်စေချင်တာက ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သိအောင် အရင် စူးစမ်းလေ့လာသင့်တယ်လို့ ထင်တယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို ကြားလို့ မျှဝေတော့မယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Facebook Page ကို ကျွန်မတို့ သွားကြည့်ပြီး ကျန်းမာရေးဌာနက ပြောတဲ့ဟာနဲ့ အဲဒီကနေပြောတဲ့ဟာနဲ့ ဟုတ်သလားပေါ့။
ကျွန်မဆိုရင် တချို့သောကိစ္စတွေကို အများအားဖြင့် မမျှဝေတတ်ပါဘူး။ တစ်ခုခုသိချင် တယ်ဆိုရင် Google မှာ ကျွန်မအရင် သွားရှာကြည့်လိုက်ပါတယ်။ Google ရဲ့ စိတ်ချရသော သတင်းဌာနတွေပေါ့။ စိတ်ကိုမလောဖို့ အရေးကြီးတယ်။ ကျွန်မကတော့ ဖြစ်စေချင်တာက သတင်းအမှားတွေကို Share မိရင် ပြန်ဖြုတ်ရတယ်။ ဖြုတ်လိုက် တာတော့ ဟုတ်တယ်။ မှန်တယ်။ ဒါပေမယ့် တချို့ကတော့ Screenshots ရိုက်ထား လိုက်တယ်။ ဒါမှမဟုတ်ရင် ကိုယ်က One Click နဲ့ Share လို့ရှိရင် Share ပြီးတဲ့ နောက်မှာ ကိုယ့်လိုပဲ Share ပြီးတဲ့သူတွေ အများကြီးက လိုက်ဖြုတ်ချင်မှ ဖြုတ်တော့ မှာပေါ့။ ကိုယ်ဖြုတ်သည်ဖြစ်စေဆိုတော့ စိတ်မလောဖို့ ကျွန်မကတော့ အားလုံးကို ပြောချင်တယ်။ စဉ်းစဉ်းစားစားလည်း လုပ်ပေါ့နော်။ စဉ်းစားဆင်ခြင်ရမယ်။ ပညာ သုံးရမှာပေါ့။
အဲဒီလို ပညာသုံးဖို့လိုရင်လည်း ကျွန်မ တော့ စာရေးဆရာဖြစ်နေလို့လားမသိဘူး။ စာဖတ်တာကို များစေချင်တယ်။ စာများများ ဖတ်တဲ့အခါကျရင် စဉ်းစားဆင်ခြင်ဉာဏ် ကလည်း ပိုပိုပြီးတော့ များသွားမယ်။ အတန်းပညာတတ်ခြင်း၊ မတတ်ခြင်းထက် စာများများဖတ်ရင် ဗဟုသုတရှိမယ်။ ရသ စာပေ၊ သုတစာပေ အကုန်လုံးဖတ်ထား တယ်ဆိုရင် စဉ်းစားတဲ့စိတ်က ဝင်သွားမယ် လို့ ကျွန်မထင်တယ်။ စဉ်းစားပြီးကာမှ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား။ ဒီ One Click လေးနှိပ်ဖို့ အတွက်ကို ကြိုတင်စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ ကျွန်မထင်တယ်။ အဲဒါလေးကိုတော့ ပြောချင်ပါတယ်။
ဒေါက်တာခင်မောင်လွင်
လူတွေဟာ သတင်းအမှန်ရဖို့အတွက် ကိုယ့်ဘက်က ဘယ်လိုများ တာဝန်ယူမလဲ။ ဘယ်လို လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်အနေနဲ့ ဘယ်လိုစဉ်းစားသလဲ။
စိုင်းစိုင်းခမ်းလှိုင်
ကျွန်တော်ကတော့ အဓိကက ဒီသတင်းအရင်းအမြစ်ကို အရင်လိုက်ရှာပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီသတင်းတွေကို ပုံမှန်အားဖြင့်တော့ Share လေ့မရှိပါဘူး။ ကျွန်တော်က အနုပညာလုပ်တာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အနုပညာကိစ္စတွေရယ်၊ ပြီးတော့ ကျွန်တော့် Personal Facebook Account လည်းရှိတဲ့အတွက် Personal အကြောင်းအရာတွေကို Personal Account မှာ ကျွန်တော်ရေးတယ်။ တင်တယ်။ ကျွန်တော် ကဗျာတွေ၊ စာတွေရေးတယ်။ ဒီ ကျွန်တော့်ရဲ့ Page မှာတော့ များသောအားဖြင့် အနုပညာကိစ္စတွေ၊ ကျွန်တော့်ရဲ့ ဒီလုပ်ငန်းတွေပဲ ကျွန်တော်ကတင်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးသတင်းတွေတော့ ကျွန်တော့်ရဲ့ပရိသတ်တွေကို အမြန်သိစေချင်တဲ့အခါမျိုးကျရင် ကျွန်တော် Share လေ့ ရှိပါတယ်။
ဥပမာ-မီးလောင်တဲ့သတင်းလိုမျိုး၊ ဆိုပါတော့ ဒီခုလောလောဆယ် အခုကပ်ရောဂါ သတင်း ဆိုရင်တော့ တော်တော်လေးကို ကျွန်တော် Share ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေထဲမှာ လူငယ်တွေရော၊ ကလေးတွေရော ပါတဲ့အတွက် သတင်းတွေကို သိစေချင်တယ်။ မျှဝေချင်တယ်။ အဓိကကတော့ သတင်းအရင်းအမြစ်ကို ဘယ်ကတင်ထားတဲ့ သတင်းလဲ၊ ဘယ်သူရေးတဲ့ သတင်းလဲဆိုတာ ကျွန်တော်ရှာပါတယ်။ အခုလောလောဆယ်မှာတော့ ဒီရက်ပိုင်းမှာတော့ ကျွန်တော် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်ကိုပဲ ကျွန်တော် အဓိကအားကိုး ပြီးတော့ ဒီ Page ကိုပဲ ကျွန်တော်မျှဝေနေ ပါတယ်ဆရာ။
ဒေါက်တာခင်မောင်လွင်
အဆိုတော်ဖြိုးပြည့်စုံအနေနဲ့ လရိပ်ဆိုတဲ့ သီချင်းလိုပဲ Heart ထိအောင် ဒီ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ပရိသတ်ကို ခံစားအောင်လုပ်မယ်လို့ စိတ်ကူးထားသလဲ။
ဖြိုးပြည့်စုံ
ကိုဗစ်-၁၉ ကတော့ Heart ထိတာမျိုး မဟုတ်တော့ဘဲနဲ့ ဘယ်လိုပြောမလဲ Burst ပေါ့နော်။ ပေါက်ကွဲတာမျိုး၊ တုန်လှုပ်စေတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။ လူတွေက ကိုဗစ်-၁၉ လို့ ပြောလိုက်ရင်ကို သာသာယာယာလေး၊ အေးအေးဆေးဆေးလည်း ခံစားရတာမျိုး မဟုတ်တော့ဘဲနဲ့ Alarming နဲ့ သွားရမယ့် Procedures မျိုး ဖြစ်နေတာပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ ခုန ဆရာတို့ ဆွေးနွေးသွားသလိုပဲ အဓိက Click တစ်ချက်ကတော့ အရေးကြီးတယ်။ အဓိက ကျွန်တော်တို့က Social Media ခေတ်ဖြစ်နေတဲ့အတွက် ဒီ Click တစ်ချက်ကို ရောက်သွားမယ့် သက်ရောက်မှုက အရေးကြီးပါတယ်။ အဲဒီမှာမှ Click လုပ်တဲ့ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါပေါ့။ ကိုစိုင်း တို့လို Follower များတဲ့သူတွေ တကယ့် Artists ထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ် တွေကကျတော့ မှန်ကန်တဲ့သတင်းကို မှန်ကန်တဲ့ Source ကနေ Share လို့ သူ့နောက်ကနေ စံပြပုဂ္ဂိုလ်အနေနဲ့ သတ်မှတ်ထားလို့ လိုက်ပြီးတော့ အတုယူပြီး လိုက်လုပ်မယ့်လူတွေအတွက် အများကြီး Information Courage ဖြစ်စေပါတယ်။
ဆိုတော့ ကျွန်တော့်အနေနဲ့လည်း ကျောင်းတက်တုန်းက ကျန်းမာရေးအသိပညာ ရခဲ့တာရယ်၊ ခုဆက်ပြီးတော့ Career အနေနဲ့ လုပ်နေတာကတော့ သီချင်းဆိုတာပေါ့နော်။ ဒါပေမယ့် ဒီ ခေါင်းထဲမှာရှိပြီးသား ဒီဗိုင်းရပ်စ်တွေရဲ့ သဘောသဘာ၀နဲ့ ဒီနောက်တစ်ခါ ကျတော့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ Procedures တွေကို ကျွန်တော် ကိုယ်တိုင်လည်း ပြန်ပြီးတော့ နွှေးတာပေါ့နော်။ ဒီ ကိုဗစ်-၁၉ ကတော့ ပထမ ဦးဆုံးအနေနဲ့ ရှေ့က Corona တွေနဲ့မတူဘဲ အသစ်ဖြစ်လာတဲ့ဟာမျိုးဆိုတော့ ဒီရောဂါကို ဘယ်လိုထိန်းချုပ်ရ မလဲ၊ အတတ်နိုင်ဆုံး ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်အများကြီးကို ကျွန်တော် မမျှဝေနိုင်ရင်တောင် နီးစပ်ရာ မိသားစုနဲ့ ကျွန်တော့်ရဲ့ အသိုင်းအဝိုင်းပုဂ္ဂိုလ်၊ ချစ်ရတဲ့မိတ်ဆွေတွေကိုတော့ ကျွန်တော်တတ်နိုင်သလောက် ပြောပါတယ်။
မှန်ကန်တဲ့သတင်းဌာနကို ကြည့်ရှုလေ့လာပြီးတော့ ကိုယ်သိတာကို မှန်ကန်တဲ့ အထောက် အထားခိုင်ခိုင်လုံလုံနဲ့ အများကို ပြန်လည်မျှဝေပေးဖို့ ကျွန်တော် မျှဝေပါတယ်။ ဒီနည်းကတော့ ဒါ လရိပ်လို ဘယ်လိုပြောမလဲ Heart ထိစေတဲ့ Procedures မျိုး မဟုတ် ပေမယ့်လည်း ကောင်းတဲ့ အလေ့အထလေး တစ်ခုအနေနဲ့ အားလုံးအပေါ်မှာ ကျွန်တော်တို့ကို စံပြအနေနဲ့ သဘောထားပြီး မျှဝေပေးမယ်ဆိုရင်တော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့တော့ များများရောက် သွားမယ်လို့ ထင်ပါ တယ်ခင်ဗျာ။
ဒေါက်တာခင်မောင်လွင်
အကယ်၍များ ကိုဖြိုးပြည့်စုံက ပေါက်ကွဲ သံစဉ်နဲ့ စပ်ရမယ်ဆိုရင် ဘယ်လိုမျိုးစပ်မလဲ။ ဘယ်လို သတင်းစကားထည့်မလဲ။
ဖြိုးပြည့်စုံ
ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့် ဘဝမှာတော့ သာယာငြိမ့်ညောင်းပြီး အများ အားဖြင့် အလွမ်းအဆွေးသီချင်းနဲ့ ခွာပြဲတာတွေ များတာပေါ့။ အဲဒီတော့ ကျွန်တော် မတတ်နိုင်တော့ တကယ့်ထိထိရောက်ရောက် ပေါက်ကွဲနိုင်တဲ့ လူတွေကိုတော့ ကျွန်တော် လွှဲပြောင်းရမှာပေါ့။ သူတို့ အိုင်ဒီယာတွေ ယူရမှာပေါ့။ အဓိကကတော့ အဘက်ဘက်မှာ ဒီသတင်းမှန်တွေရဖို့ အရေးကြီးသလို လူတွေက တစ်ခုခုဆိုလို့ရှိရင် မှန်ကန်တဲ့ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ယူဖို့ လိုပါတယ်။ ဝုန်းဒိုင်းဆိုပြီး ဆုံးဖြတ်တာဟာ များသောအားဖြင့် မှန်တဲ့ ရာခိုင်နှုန်းထက် မှားတဲ့ ရာခိုင်နှုန်းပိုများနိုင်တယ်ဆိုတဲ့ အသိလေးရယ်၊ အချိန်တစ်ခုယူပြီးတော့မှ ကိုယ့်ကိုထောက်ခံပေးမယ့်၊ ဒီသတင်းကို ထောက်ခံပေးမယ့် အဖြေတစ်ခုအတွက် ကျွန်တော်တို့ အချိန်တစ်ခု ယူဖို့လိုမယ်။
လူတွေအတွေးမှာ ဒီ Ventilator ကို (ရောဂါ)ဖြစ်ခဲ့ရင် ငါ့အတွက် ရှူစရာရှိပါ့မလား ဆိုတဲ့စိတ် ဖြစ်တာပေါ့။ ဒါပေမယ့် ဒီ Ventila-tor လောက်ထိ မပူဘဲနဲ့ အရင်ဆုံး ဒီ N95 Mask တွေ၊ PPE ဝတ်စုံတွေ လုံလုံလောက် လောက်ရှိရဲ့လား။ ဒီအပေါ်မှာ ကျွန်တော်တို့ အရင်အာရုံထားဖို့ လိုတာပေါ့။ False Mess- age တွေနဲ့ Ventilator အထိ Skip ဖြစ်သွား တော့ ရှေ့ပိုင်းမှာ လိုအပ်ချက်တွေရှိတဲ့အခါ ကျတော့ အလှူရှင်တွေကလည်း လှူမယ်။ ဘာလှူမလဲဆိုတော့ Ventilator လှူမယ် ဆိုတာမျိုးတွေဖြစ်နေတော့ ဒီ Information ကလည်း ဥပမာ ထိရောက်တဲ့ လှူဒါန်းမှုမျိုးကမှ ထိရောက်တဲ့ ကုသမှုမျိုးအထိ သွားနိုင်တာပေါ့။ ဒါမျိုးလေးတွေအတွက်တော့ ကိုယ်ကိုယ်တိုင်လည်း မျှဝေပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ ပေါက်ကွဲသံစဉ်လောက်တော့ မရောက်ဘူးပေါ့။
ဒေါက်တာခင်မောင်လွင်
ကျန်းမာရေးကနေပြီးတော့ ကျော်လွန်ထွက်နေတဲ့ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွေမှာ ခံစားနေရတဲ့သူတွေ အများကြီးရှိပါတယ်။ လောလောဆယ် ရပ်ဆိုင်းသွားတဲ့ ဘဝရပ်တည်မှု တွေလည်း ရှိနေတယ်။ ဒီဟာအပေါ်မှာ ကျွန်တော်တို့ ဘယ်လိုဝိုင်းပြီးတော့ အားဖြည့်ကြရင် ကောင်းမလဲ။ ဆရာမကနေစပြီးတော့ နည်းနည်းလောက် စဉ်းစာပေးပါဦး။
စာရေးဆရာမ ဂျူး
ပြည်သူဆီကို မှန်ကန်တဲ့သတင်း ရောက်ဖို့အတွက်ကို တာဝန်ရှိတာပဲလေ။ အဲဒီလိုပဲ စီမံ/ဘဏ္ဍာ အနေနဲ့ကလည်း ထုတ်သုံးဖို့လိုမယ့် ဘတ်ဂျက်ကို ထုတ်ပြီးတော့ သုံးရမှာပဲ။ ဘယ်ဟာက အရေးပေါ်လဲ၊ ဘယ်ဟာက အရေးပေါ်မဟုတ်ဘူးလဲဆိုတာ ဆုံးဖြတ်ရမယ့်တာဝန်လည်း ရှိတယ်။ ကျွန်မတို့ ပြည်သူလူထုအနေနဲ့ မျှော်လင့်တာက တော့ လူစုလူဝေးတွေဆီကို မသွားဖို့၊ လူစု လူဝေးမှာ ဘာသာတရားနဲ့ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးနဲ့ပဲဖြစ်ဖြစ် ဘယ်လိုနည်းမျိုးနဲ့မှ လူစု လူဝေးဆီကို မသွားဖို့ပေါ့။ မြန်မာ့အသံရှိမယ်။ ရေဒီယိုရှိမယ်။ ရုပ်မြင်သံကြား ရှိမယ်ပေါ့နော်။ အဲဒီကနေ ကျွန်မတို့ ဘယ် လောက်အထိ ပေးလို့ရမလဲ။ ဒါ Informa-tion တစ်ခုပဲ ရှိသေးတယ်။ နောက် အခုရပ်သွားတဲ့ အထည်ချုပ်စက်ရုံတွေ၊ အဲဒီမှာရှိနေတဲ့သူတွေ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ သူတွေ၊ ရွာကို ပြန်ရတော့မယ့်သူတွေပေါ့။ အဲဒီလူတွေအတွက်ကရော တစ်နေ့လုပ်မှ တစ်နေ့စား ရတာမျိုးတွေဆိုရင် အခု အဲဒီလိုမျိုးတွေ မလုပ်နိုင်တော့တဲ့အတွက် တစ်လကြိုပြီးတော့ လစာပေးတာတို့၊ ဒါမှမဟုတ်ရင် နှစ်လစာ၊ သုံးလစာ ကြိုပေးတာတို့ အဲဒီအတွက်ကို အလုပ်ရုံက သူတို့ကို ဘာတွေတာဝန်ယူပေးသလဲပေါ့။ အဲဒါတွေ အကုန်လုံးမှာ လိုက်ပြီးတော့ ဆက်စပ်ပြီး တော့ ဒါစီးပွားရေးအကျိုးသက်ရောက်မှု ဖြစ်သွားပြီ။ အဲဒီလို လိုက်လုပ်ဖို့က ဝန်ကြီး ဌာနတွေ အများကြီးလည်း လိုအပ်မယ်လို့ ထင်တယ်။
ပြောရမယ်ဆိုရင် ကျွန်မတို့အားလုံးက ဒါတွေနဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ ပြီးတော့ ပြည်သူလူထုကို စိတ်ငြိမ်သက် အောင်ရယ်၊ စီးပွားရေးလည်း လုံခြုံမှုရှိ အောင်ရယ်၊ ကျန်းမာရေး လည်း လုံခြုံမှုရှိအောင်၊ လူမှုရေးလည်း လုံခြုံမှုရှိအောင် အားလုံးလုပ်ပေးဖို့လိုတယ်။ ကျွန်မတို့ လည်း တတ်နိုင်သမျှဝန်းရံဖို့အတွက် စိတ်ထဲမှာ တာဝန်မကင်းသလို ခံစားရပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)
မှတ်တမ်း- အောင်ကျော်ထက် (ပြန်/ဆက်)၊ ဓာတ်ပုံ- ရဲသူရအောင် (ပြန်/ဆက်)