နေပြည်တော် ဧပြီ ၇
ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယ သမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြု ပေးရန်နှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုထောက်ခံပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့နိုင်ရေး ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေသည် အသုံးစရိတ်တစ်ခုအတွက် မူလခွင့်ပြုငွေနှင့် လုံလောက်မှု မရှိခြင်း၊ မူလခွင့်ပြုငွေဘောင်အတွင်းမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန် မလုံလောက်ခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းကျခံသုံးစွဲရန် မလုံလောက်ခြင်းတို့ကြောင့် လိုအပ်သည့် ငွေရပ်ကိုသာ တောင်းခံရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ပါဝင်ပြီး ရန်ပုံငွေ မလုံလောက်သည့် ကိစ္စများအတွက် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလခွင့်ပြုချက် ရရှိပြီးသည့် လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့် ငွေရပ်ကိုသာ တောင်းခံရမည် ဖြစ်ပါကြောင်း၊ ဖြည့်စွက် ခွင့်ပြုငွေကို သုံးစွဲခြင်းမပြုနိုင်၍ ပြန်လည်အပ်နှံရပါက ဌာန၊ အဖွဲ့အစည်းများအတွက် ကြီးလေးသည့် ချို့ယွင်းချက်ဖြစ်သည့်အတွက် မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ် များကိုသာ တောင်းခံကြရမည်ဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂ဝ ခု၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုတွင် အဓိကအားဖြင့် ဝန်ထမ်းများအတွက် ထပ်မံလိုအပ်သည့်လစာငွေ၊ ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ ပင်စင်၊ အတိုးပေးငွေများ၊ အရင်းပေးဆပ်ရန်ထပ်မံလိုငွေများ၊ နိုင်ငံတော်သို့ပေးဆောင်ရမည့် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကြောင့် ထပ်မံလိုငွေ၊ ထပ်မံရရှိမည့် ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေတို့နှင့် ဆောင်ရွက်မည့် အသုံး စရိတ်များ၊ ဆောင်ရွက်ဆဲတည်ဆောက်ရေးလုပ်ငန်းများ၊ မြေယာလျော်ကြေးများအတွက် တောင်းခံထား သည်ကို တွေ့ရှိရပါကြောင်း။
ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယသမ္မတ (၁) က ထပ်ဆင့် စိစစ်ထားပြီးဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဒုတိယသမ္မတ (၂) တို့က စိစစ်ထားပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထပ်မံခွင့်ပြုပေးမည့် အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျစိစစ်သုံးစွဲရန် တာဝန်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံခြားသုံးငွေနှင့်သုံးစွဲမှုများကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမည့်အစား ပြည်တွင်းကျပ်ငွေ ဖြင့်သာသုံးစွဲကြရန် အထူးမှာကြား လိုပါကြောင်း။
လက်ရှိအခြေအနေတွင် COVID-19 ကြောင့်ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါသည် ကမ္ဘာ့ကပ်ရောဂါဆိုး တစ်ခုအနေဖြင့် ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာ တစ်ဝန်းလုံးတွင် စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာပါကြောင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုသည် မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအပေါ် သက်ရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမှုရှိနိုင်သဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအပေါ် ထိခိုက်နိုင်မှုကိုလည်း ကြိုတင်သုံးသပ် တွက်ချက်ထားရမည် ဖြစ်ပါကြောင်း။
အခွန်အကောက်ရငွေ လျာထားချက်အပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သဖြင့် အသုံးစရိတ်များကို ပိုမိုပြီး စိစစ်သုံးစွဲကြစေလိုပါကြောင်း၊ ရငွေပေါ်မူတည်ပြီး အသုံးစရိတ်ကို ခွဲဝေပေးရသည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ရာတွင် လိုငွေပမာဏ မများစေရန်နှင့် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် အသုံးစရိတ်များကိုသာ စိစစ်ခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်လည်း ထပ်မံရရှိသည့် ဖြည့်စွက်ခွင့်ပြုငွေများကို ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းဖြစ်စေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုကြရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်း စီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန်အတွက် စစ်ဆေး၊ ကြပ်မတ် စီမံဆောင်ရွက် သွားကြရန်ကိုလည်း အထူးမှာကြားလိုပါကြောင်း။
ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေကိုတတ်နိုင်သမျှ လျာထားချက်ပြည့်မီအောင် ရှာဖွေကြရမည် ဖြစ်ပြီး အသုံးစရိတ်များကို သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ထိရောက်စွာ အလေအလွင့် မရှိအောင် စိစစ်သုံးစွဲကြရန် လိုအပ်ပါကြောင်း။
ထို့ပြင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ဌာန၊ အဖွဲ့အစည်းများအားလုံးကို အထူးသတိပေး မှာကြားလိုသည်မှာ သတ် မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်မညီသော တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၁/ ၂၀၁၇ နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ယင်းသို့တောင်းခံမှုအပါအဝင် ရငွေ၊ သုံးငွေပြောင်းလဲမှုများအရ ပြန်လည် ရေးဆွဲ ထားသည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးရသုံးမှန်းခြေစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ ထားမှုမှာ သာမန်အသုံးစရိတ်တွင် ငွေကျပ် ၂၁၀၀ ဒသမ ၄၇၆ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ငွေကျပ် ၄၂၁ ဒသမ ၄၇၈ ဘီလီယံ၊ ကြွေးမြီ အသုံးစရိတ်တွင် ငွေကျပ် ၈၈ ဒသမ ၈၅၈ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သောဌာန၊ အဖွဲ့အစည်းများ၏ ထပ်မံတိုးမြှင့် သုံးစွဲငွေမှာ ငွေကျပ် ၅၀ ဒသမ ၁၇၅ ဘီလီယံဖြစ်ပြီး စုစုပေါင်းဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံဖြစ်ပါကြောင်း။
ဌာနအဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး မိမိအနေဖြင့်လည်း ထပ်မံစိစစ်ပြီး ချိန်တွင် လိုငွေနှင့် ဂျီဒီပီ အချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေအတွက်ထောက်ပံ့ငွေကို ခွင့်ပြုခဲ့ရာတွင်လည်း ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက် ခွင့်ပြုငွေ စာရင်းတွင် ထောက်ပံ့ငွေကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံကို ထပ်မံခွင့်ပြုပေးခဲ့ပါကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေမှ ပိုလျှံငွေအပ်နှံမှု များစွာမရှိစေရန်၊ ဘတ်ဂျက်ခန့်မှန်းမှု အားကောင်းလာစေရန်တို့အတွက် ဌာန၊ အဖွဲ့အစည်းများက တောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၂၉၉၇ ဒသမ ၆၅၆ ဘီလီယံအနက် ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံကိုသာ စိစစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း။
ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရငွေပိုင်းတွင် မူလခန့်မှန်းခြေစာရင်းတွင် ငွေကျပ် ၂၅၁၉၉ ဒသမ ၇၆၀ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေတွင် ငွေကျပ် ၂၇၂၂၇ ဒသမ ၉၈၀ ဘီလီယံဖြစ်သည့်အတွက် ရငွေ အခြေအနေသည် မူလခန့်မှန်းခြေစာရင်းထက် ငွေကျပ် ၂၀၂၈ ဒသမ ၂၂၀ ဘီလီယံ တိုးလာပါကြောင်း။
အသုံးစရိတ်ပိုင်းအနေဖြင့် မူလခန့်မှန်းခြေစာရင်းတွင် ငွေကျပ် ၃၁၉၁၈ ဒသမ ၈၉၁ ဘီလီယံဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များကို လိုငွေအတွက် ထပ်မံထောက်ပံ့ငွေ ကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံအပါအဝင် ခွင်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေမှာ ငွေကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလီယံဖြစ်သည့်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ အသုံးစရိတ်သည် ငွေကျပ် ၃၃၈၀၅ ဒသမ ၈၃၅ ဘီလီယံဖြစ်ပါကြောင်း။
ထို့ကြောင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေရေးဆွဲချိန်တွင် ဂျီဒီပီတန်ဖိုးမှာ ငွေကျပ် ၁၁၈၉၃၅ ဒသမ ၁၀၆ ဘီလီယံ၊ အသားတင်လိုငွေမှာ ငွေကျပ် ၆၅၇၇ ဒသမ ၈၅၅ ဘီလီယံဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းအပါအဝင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ကော်မရှင်ကသုံးသပ်ပြီး ထောက်ခံအတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များ အရအသုံးလျာထားမှုအခြေအနေမှာ စုစုပေါင်းရငွေကျပ် ၁၂၁၀ ဒသမ ၇၀၄ ဘီလီယံ၊ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၃၃၂၅ ဒသမ ၀၉၀ ဘီလီယံ၊ အသားတင်လိုငွေ ငွေကျပ် ၂၁၁၄ ဒသမ ၃၈၆ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကျပ် ၂၁၁၄ ဒသမ ၃၈၆ ဘီလီယံကို ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အခွန်ဝေစုများကို ခွဲဝေပေးလျက် ရှိပါကြောင်း။
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ ပြည်နယ်များက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာတွင် ၎င်းတို့၏ ရငွေရရှိမှု၊ အခွန်ဝေစုရရှိမှု၊ မူလခန့်မှန်းခြေ လျာထားချက်စသည်တို့အပေါ် အခြေခံပြီး မူလခန့်မှန်း ခြေငွေစာရင်းအရ ထောက်ပံ့ပေးခဲ့သည့် ပမာဏအပေါ် ၃ ရာခိုင်နှုန်း အမြင့်ဆုံး ညွှန်းကိန်းထားပြီး စိစစ် လျှော့ချခဲ့ပါကြောင်း။
စိစစ်မှုများအရ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု၊ စိစစ်လျှော့ချမှုနှင့် ခွင့်ပြုနိုင်မှုအခြေအနေများမှာ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ငွေကျပ် ၃၉၉ ဒသမ ၆၅၈ ဘီလီယံ၊ စိစစ် လျှော့ချမှု ငွေကျပ် ၉၅ ဒသမ ၅၅၄ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုမှု ငွေကျပ် ၃၀၄ ဒသမ ၁၀၄ ဘီလီယံဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်းတွင် ရရှိမည့် ဘဏ္ဍာငွေအရင်းအမြစ်နှင့် ပြည်ထောင်စုမှ ခွဲဝေပေးထားသည့် ဘဏ္ဍာငွေများကို မိမိဒေသ အတွက် အကျိုးရှိထိရောက်စွာ အသုံးပြုသွားကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်သည့်အပြင် ထုတ်ပြန် ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ တင်ဒါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအပေါ် စိစစ်ခွင့်ပြုထားသော ဖြည့်စွက် ခွင့်ပြုငွေ ကျပ် ၃၀၄ ဒသမ ၁၀၄ ဘီလီယံနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုက ထပ်မံထောက်ပံ့ပေးရမည့် ငွေကျပ် ၅၉ ဒသမ ၅၁၈ ဘီလီယံတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်ပြီး တည်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံ ဆွေးနွေးကြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြခဲ့သည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ဆွေးနွေးကြပြီး ဖြစ်သည့်အတွက် ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် လျာထားသည့်အသုံးစရိတ်နှင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ်များသည့် နီးစပ်မှု ရှိသင့်သည့်အပြင် သုံးစွဲသည့်အသုံးစရိတ်များသည် ပြည်သူကိုချက်ချင်းလက်ငင်း အကျိုးပြုနိုင်သည့် လုပ်ငန်းများဖြစ်ရန်၊ မိမိဒေသအတွက်နှင့် ဒေသခံပြည်သူများအတွက် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင်သုံးစွဲရန်၊ ပြည်ထောင်စု အနေနှင့် ခွဲဝေပေးသည့် အသုံးစရိတ်များကို ရုံးချုပ်က ချုပ်ကိုင်ထားခြင်းမျိုး မဖြစ်စေဘဲ လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် အသုံးစရိတ်ကိုစနစ်တကျ စီမံခန့်ခွဲပြီး လုပ်ပိုင် ခွင့်များခွဲဝေပေးရန်၊ ထပ်မံခွဲဝေရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲကြသည့်အခါ ချမှတ်ထားသည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်း ကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများကို သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက စစ်ဆေး ကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော်လွန်ခွင့်ပြုခဲ့ပြီး ပြည်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေမည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ အသုံးစရိတ်ကို ပိုမို တိုးမြှင့် သုံးစွဲထားပြီး တစ်ဖက်တွင်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ယခင်နှစ်များကထက် အသုံးစရိတ် ပိုမို သုံးစွဲခဲ့ပါကြောင်း။
ဌာနအဖွဲ့အစည်းများအနေဖြင့် မူလခန့်မှန်းခြေငွေစာရင်းတွင် တစ်နှစ်စာ ခွဲဝေ ချထားပေးပြီးဖြစ်သည့်အတွက် မိမိတို့ရရှိသည့် အသုံးစရိတ် ခွင့်ပြုငွေအတွင်းတွင် စိစစ် သုံးစွဲနိုင်ရန် အားထုတ်ကြိုးပမ်းသင့်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ တောင်းခံရန် မလိုအပ်လေ ကောင်းလေဖြစ်သည့်အတွက် တောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေတိုင်း ကိုလည်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ ရငွေအမှန်တကယ် ပိုမိုရရှိနိုင်ခြင်းမရှိဘဲ ဖြည့်စွက် ခွင့်ပြုငွေ ထပ်မံတောင်းခံ လိုသည့်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် ရငွေကို တိုးမြှင့်လျာထားခြင်းမျိုးများ မဖြစ်သင့်ပါကြောင်း၊ မူလခွင့်ပြုချက်ရရှိထားပြီး မဖြစ်မနေ သုံးစွဲရန် ထပ်မံလိုအပ်သည့် အသုံးစရိတ်၊ နိုင်ငံတော်နှင့်ပြည်သူအတွက် ဦးစားပေးသုံးစွဲရမည့် အသုံးစရိတ်၊ အချိန်မီလည်း ပြီးစီးနိုင်မည့် အသုံးစရိတ်များကိုသာ ခွင့်ပြုပေးနိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက လျာထားချက်ပါ အသုံးစရိတ်များကို ထိရောက်စွာသုံးစွဲ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့် အသုံးစရိတ်များအတွက် ခွင့်ပြုချက်ရရှိပြီးပါက သုံးစွဲနိုင်မည့်ကာလသည် (၄) လခန့်သာ ရှိသည့်အတွက် လုပ်ငန်းပြီးပြတ်အောင် မဆောင်ရွက်နိုင်ပါက ပိုလျှံငွေပြန်အပ်ရသည့်အခါ ဘတ်ဂျက်လျာထားမှုစွမ်းရည် အားနည်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အတွက်သာ တောင်းခံသင့်ပါကြောင်း၊ ရရှိထားသည့် ခွင့်ပြုငွေကို မသုံးစွဲနိုင်ပါက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမရှိသလို လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရန်လည်း အချိန်မီဆောင်ရွက်နိုင်ခြင်းရှိမည် မဟုတ်သည်ကို သတိပြုကြစေလိုပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေကို အခြားခေါင်းစဉ် တစ်ခုသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့် မရှိသလို ပြန်လည်အပ်နှံပါကလည်း ကြီးလေးသည့် ချို့ယွင်းချက်ဖြစ်ကြောင်း ဘဏ္ဍာရေးစည်းမျဉ်းတွင် ပြဆိုထားပါကြောင်း။
ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများအနေဖြင့်လည်း အမှန်တကယ်ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းလျာထားရန်နှင့် ပြည်ပအကူအညီများကို အချိန်ဇယားနှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ပြည်ပ ချေးငွေများသည် ပြန်လည်ပေးဆပ်ရမည့် ငွေများဖြစ်သည့်အတွက် ဂရုစိုက်ပြီး အလေအလွင့်မရှိအောင် သုံးစွဲကြရန်လည်း လိုအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံတင်ပြထားသည့် အတိုင်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးရှိအောင် ထိရောက်စွာသုံးစွဲကြရန် အလေးအနက် ပြောကြားလိုပါကြောင်း ပြောကြားသည်။
Ref; Myanmar President Office