Skip to main content

စည်းလုံးညီညွတ်စွာဆောင်ရွက် အဂတိလိုက်စားမှုတိုက်ဖျက်

အဂတိလိုက်စားမှုသည် အကျင့်ပျက်မှု၊ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှုတို့ပါဝင်သည့် ရာဇဝတ်မှု/ပြစ်မှုပင် ဖြစ်သည်။ အဂတိလိုက်စားမှုသည် ကမ္ဘာနှင့်အဝန်း ကြုံတွေ့နေရသည့် ပြဿနာဖြစ်သော်လည်း ယင်း၏အနက်အဓိပ္ပာယ်ကိုမူ ကမ္ဘာ့နိုင်ငံများအကြား တညီတညွတ်တည်းဖွင့်ဆိုရန် ခက်ခဲနေပြီး သီးခြားပြုမူမှုများကိုသာ အဓိပ္ပာယ်ဖွင့်ဆို နိုင်ခဲ့သည်။

ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) က အဂတိလိုက်စားမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည့် ကျူးလွန်မှုများတွင် အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများတွင် လာဘ်ပေး လာဘ်ယူခြင်း၊ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အလွဲသုံးစားပြုခြင်း၊ ဩဇာအာဏာ သုံး၍ မလျော်ဆောင်ရွက်ခြင်း၊ တာဝန်ကိုအလွဲသုံးစားပြုလုပ်ခြင်း၊ တရားမဝင် ကြွယ်ဝ ချမ်းသာလာခြင်း၊ ဖော်ပြပါပြစ်မှုများနှင့် ဆက်နွှယ်သည့်ဖုံးကွယ်ခြင်းနှင့် တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်းတို့ ပါဝင်သည်။ အဂတိလိုက်စားမှုတွင် ရာထူးအဆင့်နိမ့်ဝန်ထမ်းက လာဘ်ယူသည့် အသေးစားအဂတိလိုက်စားမှုမှသည် အဆင့်မြင့်ဝန်ထမ်းများနှင့် နိုင်ငံရေးရာထူး လက်ဝယ်ရှိသူများက ကျူးလွန်လေ့ရှိသည့် အကြီးစားအဂတိလိုက်စားမှု၊ နိုင်ငံအဆင့် အဂတိ လိုက်စားမှုများအထိ ရှိနေသည်။

အဂတိလိုက်စားမှု၏ နိုင်ငံနှင့်လူ့အဖွဲ့အစည်းပေါ် ဆိုးကျိုးသက်ရောက် ဖြစ်ပေါ်မှု အတိုင်းအတာသည် မိမိတို့ထင်မြင်ယူဆသည်ထက် ပို၍ကြီးမားကျယ်ပြန့်သည်ကို တွေ့ရသည်။ အဂတိလိုက်စားမှုများက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေပြီး လွဲချော်၍ လမ်းမှားသို့ရောက်သွားစေနိုင်သည်။ ကမ္ဘာပေါ်တွင် လာဘ်ပေး လာဘ်ယူမှု‌‌ကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံမှ နှစ်ထရီလီယံခန့် ဆုံးရှုံးနေပြီး အရည်အသွေး ညံ့ဖျင်းသော စီးပွားရေးကို ဖြစ်ပေါ်စေသည်။ အဂတိလိုက်စားသည့် အရာရှိဆိုးများကြောင့် နိုင်ငံ၏အခွန်ဘဏ္ဍာများကို ဆုံးရှုံးစေသည့်အတွက် ပြည်သူများအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ကို ထိခိုက်နစ်နာစေကာ မညီမျှမှုများ ဖြစ်ပေါ်စေသည်။ အဂတိလိုက်စားမှုကြောင့် ပုဂ္ဂိုလ်ရေးထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်နှေးစေသည်။ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးကို ကျဆင်းစေပြီး လုပ်ငန်းခွင်၌ အကျင့်စာရိတ္တပျက်စီးစေသည်။ နိုင်ငံ၏ နိုင်ငံ ရေးစနစ်နှင့် စီးပွားရေးစနစ်တို့ကို ထိခိုက်စေပြီး ရာဇဝတ်မှုများ၏ အရေအတွက်နှင့် အဆင့်တို့ကို မြင့်တက်လာစေကာ နိုင်ငံရေးဩဇာကျဆင်းလာသည်နှင့်အမျှ သဘောထားကွဲလွဲ မှုနှင့် မတည်မငြိမ်မှုများဆီသို့ ဦးတည်သွားစေနိုင်သည်။

စင်စစ်အားဖြင့် အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မကောင်းကျိုး သက်ရောက်မှုများမှာ ရေး၍မကုန်နိုင်လောက်အောင် များပြားလှသည်ဟု ဆိုရမည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့်ဆိုရလျှင်မူ အဂတိလိုက်စားမှုများက နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဖျက်ဆီးနေသည့် ဗိုင်းရပ်စ်များသဖွယ်ပင်ဖြစ်ရာ မဖြစ်မနေတိုက်ဖျက်ရမည်ဖြစ်သည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ခိုင်မာစွဲမြဲသည့် သန္နိဋ္ဌာန်၊ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အောင်မြင်မှုရရှိသည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း။ ။