ကုလသမဂ္ဂက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေး ကြေညာစာတမ်းသည် လူ့သမိုင်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ ထွက်ပေါ်လာသည့် လူ့အခွင့်အရေးနှုန်းစံများကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရန်နှင့် လူအဖြစ်ကိုရရှိလာသူ တစ်ယောက်အနေဖြင့် ပျော်ရွှင်စွာနေထိုင်နိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်ကြေညာရခြင်းလည်း ဖြစ်သည်။
ဤတွင် လူ့အခွင့်အရေးဟူသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားအဖြစ်နှင့် ခံယူရရှိသော နိုင်ငံသားအခွင့်အရေးမျိုး မဟုတ်ဘဲ လူတစ်ဦး၊ လူ့မိသားစုဝင် တစ်ယောက်အနေဖြင့် ခံယူရရှိသည့် အခွင့်အရေးသာလျှင်ဖြစ်ရာ လွတ်လပ်ခွင့်၏ အတိုင်းအတာသည်လည်းကောင်း၊ တူညီသော အခွင့်အရေးတို့၏ အတိုင်းအတာသည်လည်းကောင်း နေထိုင်ရာအရပ်ဒေသ၊ နိုင်ငံတို့၏ ဓလေ့ထုံးတမ်းများနှင့် ဥပဒေများအလျောက် သာလျှင်ဖြစ်သည်ကို သတိမူကြသင့်သည်။ ကမ္ဘာ့နိုင်ငံတို့တွင် အခြေခံအားဖြင့် လူ့အခွင့်အရေးများရရှိနိုင်ရန် ဖြည့်ဆည်းပေးခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို တစ်နည်းနည်းဖြင့် ဆောင်ရွက်ပေးကြသည့်တိုင် အမျိုးသားအကျိုးစီးပွားနှင့် အခြားသော အကန့်အသတ်အတားအဆီး အကြောင်းအရာများကြောင့် မည်သည့်နိုင်ငံတွင်မျှ ၎င်းတို့ပိုင်နက် နယ်နိမိတ် အတွင်းရှိနေသည့် နိုင်ငံသူ နိုင်ငံသားများအပါအဝင် လူသားအားလုံးအတွက် လူ့အခွင့်အရေးအားလုံး မရနိုင်သေးသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လူ့အခွင့်အရေးနှုန်းစံများကို လေးစားလိုက်နာခြင်း၊ ပြဋ္ဌာန်းဖြည့်ဆည်းပေးခြင်းအားဖြင့် ငြိမ်းချမ်းသာယာပျော်ရွှင်ဖွယ်ရာ လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်အတွက် ကမ္ဘာ့နိုင်ငံများစွာတို့နည်းတူပင် မိမိတို့မြန်မာနိုင်ငံ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူ့အခွင့်အရေးစံများနှင့် ကိုက်ညီစေရန် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားသကဲ့သို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းရေးနှင့် ပညာပေးရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
လူ့အခွင့်အရေးတို့ကို ရိုသေလေးစားရန်နှင့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် မည်မျှတိုက်တွန်းကြိုးပမ်းကြစေကာမူ စစ်မက်ဖြစ်ပွားနေသော၊ တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေသော အရပ်ဒေသများ၊ တိုင်းပြည်များတွင် လူ့အခွင့်အရေးသည်လည်း မှေးမှိန်ပျောက်ဆုံးနေမည် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာခဲ့သည့် အတ္တလန္တိတ်ချာတာတွင် လူ့အခွင့်အရေးများကို ပြန်လည်ရရှိရန်နှင့် ထိုအခွင့်အရေးများကို တိုးတက်ရရှိခံစားနိုင်ရန် ငြိမ်းချမ်းရေးကို လိုလားအပ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိနိုင်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားအမှာစကားတွင်လည်း “နိုင်ငံသူ နိုင်ငံသားများ အခြေခံအခွင့်အရေးများကိုခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိရေးတွင်လည်း အဓိကကျပါကြောင်း၊ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံသားအားလုံး လူ့အခွင့်အရေးများ ခံစားနိုင်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အားလုံးပါဝင်ဆောင်ရွက်ခြင်းဖြင့်သာ ငြိမ်းချမ်းသာယာ ဝပြောသည့် လူ့ဘောင်တွင် လူ့အခွင့်အရေးများ ရှင်သန်နိုင် စေမည်ဖြစ်ပါကြောင်း။ ။