Skip to main content

မိသားစုကျန်းမာ၊ စရိတ်ကုန်ကျသက်သာ

ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်ခြောက်မျိုးတွင် အဆီဓာတ်လည်းပါဝင်သည်။ သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စသည်တို့မှရရှိသော ဆီအမျိုးမျိုးနှင့် ဝက်၊ အမဲ စသည့် တိရစ္ဆာန်အဆီများမှရရှိသော အဆီဓာတ်သည် အင်အားဖြစ်စေသော အဆီအုပ်စုတွင်ပါဝင်သည်။ သို့ရာတွင် လိုအပ်သည့်ပမာဏထက်ပို၍ စားသုံးနေမည်ဆိုပါက အင်အားဓာတ်လွန်ကဲလာစေပြီး ကိုယ်အလေးချိန်တိုးလာမည်ဖြစ်သည့်အပြင် ရေရှည်တွင် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံး၊ အဝလွန်၊အဆစ်ရောင် စသည့်ရောဂါများ ဝင်ရောက်လာမည်ဖြစ်သည်။

မိမိတို့ နေ့စဉ်စားသုံးနေကြသည့် အစားအစာများထဲတွင် လူ့ခန္ဓာကိုယ်အတွင်းရှိ ကောင်းသောကိုလက်စထရောကိုမြှင့်တင်ပေးပြီး မကောင်းသောကိုလက်စထရောကို လျော့နည်းစေသည့် မိုနိုမပြည့်ဝဆီများ၊ ယင်းကိုလက်စထရော နှစ်မျိုးစလုံးကိုလျော့နည်းစေသည့် ပိုလီမပြည့်ဝဆီများ၊ ကိုလက်စထရောနှစ်မျိုးစလုံးကို မြင့်တက်စေသည့် ပြည့်ဝဆီများနှင့် အသွင်ပြောင်းဆီများ ပါဝင်လျက်ရှိသည်။ မြေပဲဆီ၊ ထောပတ်သီးဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ နှမ်းဆီစသည့်သီးနှံ တို့မှရရှိသော မပြည့်ဝဆီတို့ကို ကျန်းမာရေးအရ သင့်တင့်စွာစားသုံးရန်၊ စားအုန်းဆီနှင့် အမဲဆီ၊ ဝက်ဆီ စသော ပြည့်ဝဆီတို့ကို တတ်နိုင်သမျှလျှော့စားရန်နှင့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်အစရှိသော ဆီကြော်မုန့်များတွင်ပါဝင်နေသည့် အသွင်ပြောင်းဆီများကို တတ်နိုင်လျှင် လုံးဝမစားရန်ကျန်းမာရေးပညာရှင်တို့က တိုက်တွန်းထားသည်။

အသွင်ပြောင်းဆီဆိုသည်မှာ မူလကမပြည့်ဝဆီများပင် ဖြစ်စေကာမူတာရှည်အပူပေးခြင်း၊ ပြန်ကြော်ဆီများအဖြစ် ထပ်တလဲလဲအသုံးပြုခြင်းဖြင့် အသွင်ပြောင်းဆီအဖြစ်သို့ ရောက်ရှိသွားပြီး နှလုံးသွေးကြောဆိုင်ရာရောဂါမှသည် ကင်ဆာရောဂါအထိ ဖြစ်နိုင်ခြင်းကြောင့် အသွင်ပြောင်းဆီကိုမစားကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုနေကြခြင်းဖြစ်သော်လည်း လူအများကြိုက်နှစ်သက်စွာ နေ့စဉ်ဝယ်ယူစားသုံးနေကြသည့် အစားအစာများမှာ ပြန်ကြော်ဆီ၊ အသွင်ပြောင်းဆီအစားအစာများဖြစ်နေကြသည်။ သို့ဖြစ်ရာ နေ့စဉ် အိမ်တွင်ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများနှင့် ဆိုင်မှဝယ်ယူစားသုံးနေကြသည့် အစားအစာများတွင်ပါဝင်နေသည့် ဆီပမာဏတို့ကို မိမိတို့၏ကျန်းမာရေးအတွက် သတိပြု၍ ချင့်ချိန်စားသုံးကြရန်လိုအပ်လာသည်။ ထို့အပြင် မိမိတို့ဝယ်ယူချက်ပြုတ်စားသုံးနေကြသည့် ဆီများ၏အရည်အသွေးတို့ကိုလည်း အန္တရာယ်ကင်းအောင် ဂရုတစိုက်စိစစ်ရွေးချယ်ရန်လည်း လိုအပ်လာသည်။

မြန်မာတို့ ဆီစားသုံးမှုများပြားနေခြင်းကြောင့် ဆီစားသုံးမှုလျှော့ကြရန် အစိုးရအဆက်ဆက် တိုက်တွန်းခဲ့ကြခြင်းမှာ ပြည်ပမှ အမြောက်အမြားဝယ်ယူတင်သွင်းနေရခြင်းကြောင့် ဖြစ်သလို ကျန်းမာရေးဘက်တွင်လည်း ဝန်ထုပ်ဝန်ပိုးလျော့စေခြင်းငှာဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့်ဆိုလျှင်လည်း လိုသည်ထက်ပို၍စားသုံးမိနေသော ဆီပမာဏကို လျှော့ချစားသုံးမည်ဆိုပါက ငွေကုန်ကြေးကျသက်သာလာမည်ဖြစ်သည့်အပြင် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည့် အလားအလာကို လျော့ကျသွားစေမည်ဖြစ်သည်။ စွဲမြဲနေသည့် အမူအကျင့်၊ အလေ့အထတို့မှာ ပြုပြင်ရန်ခဲယဉ်း ကြသော်လည်း ရောဂါအန္တရာယ်နှင့် အသက်ဘေးတို့အထိ ဆိုက်ဆိုက်မြိုက်မြိုက်ကြုံတွေ့လာရသည့်အခါတွင်မူ မဖြစ်မနေပြုပြင်ကြရသည်ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုပုံသဏ္ဌာန်သို့ ပြောင်းလဲစားသုံးကြခြင်းဖြင့် မိသားစုကျန်းမာ၊ စရိတ်ကုန်ကျမှုသက်သာသည့် နှစ်ဖြာသောအကျိုးတို့ ရရှိကြပါစေကြောင်း။   

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်