Skip to main content

အမျိုးသားအမွေအနှစ်ဆေးပညာ အစွမ်းထက်မြက်ရေးကြိုးပမ်း

မျက်မှောက်ကာလ ကမ္ဘာလောကကြီး၌ လူမှုဘဝများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ ရောဂါအသစ်အဆန်းအမျိုးမျိုးတို့လည်း အတူတကွဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ကပ်ရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် မကူးစက်နိုင်သောရောဂါအမျိုးမျိုးနှင့် အခြားရောဂါများကိုလည်း ကြုံတွေ့ခံစားနေရသည်။ ဝေဒနာရှင်များအနေဖြင့် ရောဂါပျောက်ကင်းရေးအတွက် ကုန်ကျစရိတ်များသဖြင့် အခက်အခဲများနှင့်ကြုံတွေ့ကြ ရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ရိုးရာအမွေအနှစ်ဖြစ်သည့် အစွမ်းထက်မြက်သည့် တိုင်းရင်းဆေးပညာကို အရိုးပေါ်အရွက်မဖုံးစေဘဲ အမျိုးသားယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ကာ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ထိရောက်စွာစွမ်းဆောင်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် ရှေးအစဉ်အဆက် အစွမ်းထက်သည့် ဆေးပင် ပစ္စည်းများဖြင့် ဆေးဝါးဖော်စပ်၍ ပြည်သူများ၌ ဖြစ်ပေါ်လာသော ရောဂါဝေဒနာအမျိုးမျိုးကို သက်သာပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိသည်။ ကိုယ်တွင်းကိုယ်ပရောဂါအမျိုးမျိုးကို အာယုဗ္ဗေဒ သေသနာနယ ဆေးနည်းပညာများဖြင့် ကာကွယ်ကုသပေးနိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာကို ဆန်းသစ်တီထွင်ကာ အဆက်မပြတ် သုတေသနပြုလုပ်ကြပြီး တိုင်းရင်းဆေးဝါများဖြင့် ရောဂါကာကွယ်၊ ကုသရေးကို တိုးတက်ဖော်ဆောင်ကြရမည်ဖြစ်သည်။ “သိမ်မွေ့နက်နဲတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရပ်များ၊ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးကျမ်းများနဲ့ အာနိသင်ထက်မြက်တဲ့ ဆေးဝါးများရဲ့ အနှစ်သာရ အဆီအနှစ်တွေကိုစုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာရပ်တစ်ရပ်အဖြစ် ဖြစ်ထွန်းရပ်တည်နေစေဖို့ စုပေါင်းစွမ်းအားနဲ့အားထုတ် ကြိုးပမ်းဆောင်ရွက်ကြဖို့”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ အမှာစကားပေးပို့ခဲ့သည်။

တိုင်းရင်းဆေးပညာဖြင့် ဆေးဝါးများနှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မည့် အစွမ်းထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ၊ ကုသနည်းကုထုံးများပေါ်ထွက်လာစေရေးအတွက် ဆေးပစ္စည်းများ၏စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ တိုင်းရင်းဆေးဝါးများအား သိပ္ပံနည်းကျသုတေသနပြု ခြင်းများဆောင်ရွက်ကြရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး  စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အထူးအားပေးဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် အနောက်တိုင်းဆေးပညာသည် အစွမ်းထက်ပြီး ဖွံ့ဖြိုးတိုးတက်နေသည်မှန်သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများသည် မိမိနိုင်ငံ၏ သဘာဝတိုင်းရင်းဆေးများနှင့် ကုသနိုင်သည့်ကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအားထားသုံးစွဲနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ကပ်ရောဂါသည် ဗီဇမျိုးကွဲအမျိုးမျိုးပြောင်းလဲပြီး ဖြစ်ပေါ်နေဆဲဖြစ်သည်။ ရောဂါမျိုးကွဲများသည် ကူးစက်မှုနှုန်းမြန်ဆန်ရုံသာမက အချိန်တိုအတွင်းမပျောက်ကင်းနိုင်ဘဲ လူတို့ပတ်ဝန်းကျင်တွင် ဆက်လက်ရှိနေမည်ဖြစ်၍ နိုင်ငံများအနေဖြင့် ရောဂါကာကွယ်ရေးကိုကြံဆနေသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ရောဂါ ကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ကုသနိုင်မည့် တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉နှင့်အလားတူ ရာသီတုပ်ကွေးရောဂါများတွင် အသုံးပြုနိုင်သည့် ဆေးကျမ်းလာဆေးဝါးများကို အဆင့်ဆင့်အဖုံဖုံ သုတေသနပြုစမ်းသပ်မှုများကို အားတက်သရောပြုလုပ်လျက်ရှိသည်။ မြန်မာ့ဆေးပညာသည် နယကြီးလေးပါးနှင့်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်၍ မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီ ပြီး အခြားနိုင်ငံများမှ ဆေးဝါးများနှင့်မတူညီဘဲ အဆင့်မီသည့် ယှဉ်ဖက်ဆေးပညာတစ်ရပ်အဖြစ် သမိုင်းအစဉ်အလာကို ထိန်းသိမ်းမြှင့်တင် ဆက်လက်ဖော်ထုတ်ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင် မြန်မာ့တိုင်းရင်းဆေး သမားတော်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းကြီး၊ မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများအနေဖြင့် တစုတစည်းတည်း ပေါင်းစည်းညီညွတ်မှုစွမ်းပကားဖြင့် တိုင်းရင်းသားပြည်သူများ၏ကျန်းမာရေးကို လွှမ်းခြုံကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။     

ကြေးမုံအယ်ဒီတာ့အာဘော်