မြန်မာနိုင်ငံ၏လွတ်လပ်ရေးသည် မကြာမီရက်သတ္တပတ်အနည်းငယ်အတွင်း (၇၅)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းခဲ့ရသည့် ကာလမှစ၍ နိုင်ငံအတွင်း စည်းလုံးညီညွတ်ရေးစကားကိုပြောကြားကာ စည်းလုံးညီညွတ်မှုကိုလည်း ခက်ခက်ခဲခဲတည်ဆောက်ခဲ့ကြရသည်။ သူ့ခေတ်သူ့အခါတွင် ဘိုးဘွားတို့စည်းလုံးညီညွတ်နိုင်ခဲ့ကြ၍ လွတ်လပ်ရေးကိုရယူနိုင်ခဲ့သော်ငြား နယ်ချဲ့တို့ပျိုးခဲ့သည့် သံသယတို့က အကင်းမသေခဲ့သည့်အလျောက် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံဘဝသို့ရောက်သည့်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်မလုပ်နိုင်။ သဘောထားများကွဲလွဲ၊ စည်းလုံးညီညွတ်မှုတို့လျော့နည်းလျက် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင်အဖြစ် ရုန်းကန်နေရဆဲဖြစ်သည်။
“ဝါးတစ်စည်းတွင် အစည်းပြေသွားပါက အားလျော့တတ်သကဲ့သို့ လူတို့တွင်လည်း အချင်းချင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက စုစည်းညီညွတ်မှုအားယုတ်လျော့ပြီး ပြိုကွဲတတ်သည်ကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နိုင်ငံသားအချင်းချင်း သဘောထားကွဲလွဲပြီး စည်းလုံးညီညွတ်မှုပြိုကွဲပါက နိုင်ငံ၏အားသည်လည်း လျော့နည်းသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိသားစုတစ်စု၌ပင်ဖြစ်စေ စည်းလုံး ညီညွတ်မှုရှိမှသာလျှင် စုစည်းညီညွတ်သည့်အားကို ရရှိနိုင်မည်ဖြစ်ပြီး မိမိမိသားစု၏ လုံခြုံမှုနှင့် လူမှုစီးပွားဘဝမြင့်တက်မှုကို ရရှိစေမည်ဖြစ်ကြောင်း” ဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ စည်းလုံးညီညွတ်မှုသည် မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအဖို့ အတိတ်တွင်ရော ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများအတွက်ပါ ထာဝရလိုအပ်ချက်ဖြစ်သည်ကို သတိပြုကြရန်ပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်လျှင် စီးပွားရေးကိုအခြေခံအဖြစ် လူအများက ရှုမြင်လေ့ရှိကြသော်လည်း ပညာရှင်များကမူ နိုင်ငံရေးသည်သာ အခြေခံ အကျဆုံးဖြစ်ကြောင်းနှင့် စီးပွားရေးက နိုင်ငံရေး၏ လက်အောက်ခံသာဖြစ်ကြောင်း အသိအမှတ်ပြုထားကြသည်။ နိုင်ငံရေးဟုဆိုရာတွင် နိုင်ငံသားပြည်သူများအားလုံး၊ တိုင်းရင်း သားအားလုံး စည်းလုံးညီညွတ်ရေး၊ နိုင်ငံ၏အရေးအရာများတွင် အကြီးအကဲနှင့် ပြည်သူတို့တစ်သွေးတည်းတစ်သားတည်း ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအတွင်းတရားဥပဒေ စိုးမိုးမှု ထိရောက်ပျံ့နှံ့ရေး၊ ပြည်သူလူထု၏ လူမှုရေးစည်းကမ်း (Social discipline) ထိန်းသိမ်းလိုက်နာမှုကောင်းမွန်ရေးတို့ပါဝင်ပြီး နိုင်ငံ၏အရင်းအမြစ်များကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာနှင့် မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲမှုတို့ဖြင့် ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့်သာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ကြောင်း ပညာရှင်များက ဖော်ပြထားကြသည်။
စည်းလုံးခြင်းသည်လည်းကောင်း၊ အစည်းပြေခြင်းသည်လည်းကောင်း နိုင်ငံတစ်နိုင်ငံအဖို့ ပြည်တွင်းရေးဖြစ်ပြီး မိသားစုတစ်စုအဖို့ဆိုလျှင် အိမ်တွင်းရေးပင်ဖြစ်သည်။ မိသားစုတစ်စု၏ အိမ်တွင်းရေးကို မိသားစုဝင်အချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ ကောင်းရာကောင်းကျိုးအဖြေရှာကြိုးပမ်းကြရသကဲ့သို့ နိုင်ငံတစ်နိုင်ငံအဖို့လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့၏ လူမှုစီးပွားဘဝများမြင့်မားရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သော စည်းလုံးညီညွတ်ရေးကို အားလုံးပါဝင်ဖော်ဆောင် နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်