မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ စုပေါင်းလက်တွဲနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးတို့၏ နှစ်ပေါင်းထောင်ချီတည်ရှိခဲ့သော ကိုယ်ပိုင်ရိုးရာအမွေအနှစ်များ၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှုအနုပညာမှာ နှစ်လိုဖွယ်ရာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားကြသည်။ တိုင်းရင်းသားလူမျိုးများသည် ချစ်ခင် ရင်းနှီးစွာနေထိုင်လာခဲ့ကြသော်လည်း နယ်ချဲ့လက်အောက်သို့ကျရောက်ချိန်တွင် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ယွင်းပြီး လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။
လွတ်လပ်ရေးနှင့်အတူဖြစ်ပေါ်လာသော လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထက်တိုင် မငြိမ်းအေးနိုင်သေးဘဲရှိနေသည်။ တိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများရှိနေသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုများနှေးကွေးခဲ့ရသည်။ ဒေသခံတိုင်းရင်းသားများမှာလည်း ပဋိပက္ခများကြားတွင် ဒုက္ခအခက်အခဲရောက်ခဲ့ကြသည်။ ပဋိပက္ခများမှာ အချိန်ကာလကြာမြင့်လာပြီဖြစ်၍ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးသောစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မိမိဒေသအကျိုး၊ မိမိတို့၏ တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကိုရှေးရှု၍ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာအောင် ကြိုးပမ်းတည်ဆောက်ကြရမည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အရေးပါသောနှစ်များဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည်။ ထူးကဲသော စိန်ရတုလွတ်လပ်ရေးနေ့၊ စိန်ရတုပြည်ထောင်စုနေ့ ကျရောက်သော အခါသမယတွင် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့ အကျိုးစီးပွားဖြစ်စေမည့် ငြိမ်းချမ်းရေးကိုမဖြစ်မနေရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်ထောင်စု၏ အသီးအပွင့်များ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး ရရှိခံစားနိုင်ရေးအတွက် ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်ဖြစ်သည်။
ယနေ့အချိန်အခါသမယတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသောကာလဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ၊ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများဖြင့် မပြတ်ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးလမ်းကြောင်းဖြောင့်တန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ဆွေးနွေးညှိနှိုင်းချက်များအရ ပြည်နယ်အဆင့် နှစ်ဖက်သဘောထားများကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံးမျှော်မှန်းထားသည့် အေးချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ ဆွေးနွေးအဖြေရှာခြင်းသည်သာ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မျက်မှောက်ကာလသည် ပြည်ထောင်စုစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်သည်မှာ၊ လွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅)နှစ်မြောက် စိန်ရတု ကာလသို့ရောက်ရှိလာပြီဖြစ်သည်။ ထူးကဲသည့် စိန်ရတုကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးကို အားလုံးဝိုင်းဝန်းပါဝင်တည်ဆောက်မှ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးရာရောက်ပေမည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်လာရေး၊ လွတ်လပ်ရေး၏အသီးအပွင့်များကို အညီအမျှခံစားနိုင်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ မိမိဒေသအကျိုး၊ ပြည်ထောင်စုအကျိုးကို သယ်ပိုးထမ်းဆောင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်