ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများ၏ နေ့စဉ်ရက်ဆက်သတင်းထုတ်လွှင့်မှုများကို ကြားသိနေရပါသည်။ ဤအရေးသည် ပြည်တွင်းရေးသာဖြစ်၍ ပြည်ပမှ မည်သည့်စွက်ဖက်မှုကိုမျှလက်မခံဘဲ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနေသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များကိုသွေဖည်ကာ ပကတိအခြေအနေမှန်များ၊ မြေပြင်အချက်အလက်များနှင့် ကွဲလွဲသည့်တစ်ဖက်သတ်အမြင် အချက်အလက်များဖြင့် ဆုံးဖြတ်ချက်များ၊ အဆိုများကို မကြာခဏချမှတ်လေ့ရှိပါသည်။ ယခုဆုံးဖြတ်ချက်အဆိုကို လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံရှိသည့်အနက် အဖွဲ့ဝင်နိုင်ငံ ဗြိတိန်က ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီတွင် မိတ်ဆွေနိုင်ငံသုံးနိုင်ငံက သမာသမတ်ကျစွာဖြင့် ကြားနေရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အစဉ်အဆက်ဖိအားပေးမြဲဖြစ်သည့် အနောက်အုပ်စုနိုင်ငံများက ထောက်ခံမဲပေးခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ၏အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သော အချက်များစွာ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရေးကို အဓိကတာဝန်ယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးကောင်စီသို့ တာဝန်အပ်နှင်းထားရာ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကိုသွေဖည်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့်လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သဖြင့် စိတ်ပျက်ဖွယ်ရာဖြစ်စေသည်။
ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဖော်ပြထားရာ အထွေထွေညီလာခံတတိယကော်မတီတွင်လည်းကောင်း၊ လူ့အခွင့် အရေးကောင်စီတွင်လည်းကောင်း အကြိမ်ကြိမ်ဆွေးနွေးပြီးကိစ္စများဖြစ်နေပြီး လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အတွင်းကျရောက်ခြင်းမရှိသော အံမဝင်သည့်ကိစ္စ များဖြစ်နေသည်ကို တွေ့ရပါသည်။ ဆုံးဖြတ်ချက်အဆိုတွင် အကြမ်းဖက်မှုများကိုရပ်တန့်ရန် တောင်းဆိုထားမှုများပါဝင်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့များကိုသာ ရည်ညွှန်းထားပြီး ပြည်တွင်း၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် အကြမ်းဖက်အဖွဲ့ NUG နှင့် PDFs လုပ်ရပ်များကို ချန်လှပ်ထားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တာဝန်ပေးအပ်နှင်းထားသော လုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာ့နိုင်ငံများငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ပြီး တရားမျှတစွာ ဆောင်ရွက်သင့်ပေသည်။ NUG နှင့် PDFs တို့၏ အကြမ်းဖက်လုပ်ရပ်များကို အထင်အရှားမြင်တွေ့နေရပြီး ယင်းလုပ်ရပ်များကိုသာ တားဆီးရှုတ်ချရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်တည့်မတ်ခိုင်မာလာအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများကို အသိအမှတ်ပြုရန်လိုပါသည်။ အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အာဆီယံ “မူ” များကို အခြေခံရန်လိုပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်ဆက်ဆံရာတွင်လည်း ပြည်တွင်းရေးကိုမစွက်ဖက်ရန်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားရန် လိုအပ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ စိစစ်လက်ခံဆောင်ရွက်နေပါသည်။
မြန်မာ့အရေးကိုစဉ်းစားဆောင်ရွက်ရာတွင် အမျိုးသားစရိုက်လက္ခဏာ၊ နောက်ခံသမိုင်းကြောင်းနှင့် အကြောင်းအရာများကို မှန်မှန်ကန်ကန် ထည့်သွင်းစဉ်းစားခြင်းကို ဆောင်ရွက်ခြင်းမပြုလျှင် မှန်ကန်သောလုပ်ဆောင်မှုအဖြစ် သတ်မှတ်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော စိတ်ဝမ်းကွဲပြားမှုများနှင့် နက်နဲကျယ်ပြန့်သည့်ကိစ္စများကို မြန်မာနိုင်ငံသာလျှင် အသိဆုံးဖြစ်ပြီး မြန်မာနိုင်ငံအရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းဆောင်ရွက်နိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံတွင် ပြည်ပစွက်ဖက်မှုအမျိုးမျိုးကို သမိုင်းတစ်လျှောက်တွင် မြင်တွေ့နိုင်သည်။ ပြည်ပနိုင်ငံများက စွက်ဖက်မှုများနှင့် ဖိအားပေးမှုများဖြင့် ကြားဝင်ဆောင်ရွက်မှုများသည် မအောင်မြင်သော လုပ်ဆောင်မှုများဖြစ်သည်ကို နိုင်ငံအချို့တွင် သက်သေယူနိုင်သည်။
သို့ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကို အရေးပေးထောက်ခံကူညီဆောင်ရွက်သင့်ပြီး ပြည်တွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် ဖိအားပေးမှုများ၊ စွက်ဖက်မှုများသည် မည်သို့မျှအကျိုးမဖြစ်ပါသဖြင့် လက်မခံဆန့်ကျင်သွားမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်