Skip to main content

တပ်မတော်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၉

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ လက်ရှိ သီးခြားစောင့်ကြည့်ရမည့်သူများ လက်ခံထားရှိမှုနှင့် နေထိုင်စားသောက်ရေး ဆောင်ရွက်ထားရှိမှု၊ တပ်မတော်ဆေးရုံများနှင့် အခြား အဆောက်အဦများတွင် အရေးပေါ်လူနာနှင့် အတည်ပြုလူနာများ လက်ခံကုသနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ ဆေးအကာအကွယ်ပေးရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများရရှိရေး ဆောင်ရွက်ထားရှိမှု ရှင်းလင်းဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူ၊ ရောဂါပိုး တွေ့ရှိသူမရှိ (မရှိ) သေးဘဲ Hospital Isolation စောင့်ကြည့်သူ တပ်မတော်သား တစ်ဦး၊ မှီခို နှစ်ဦး၊ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား ၁၄ ဦး၊ မှီခို ၁၄ ဦး၊ Home Quarantine စောင့်ကြည့်သူ တပ်မတော် သား ၁၆၁ ဦး၊ မှီခို ၈၈ ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား ၄၄ ဦး၊ မှီခို ၅၅ ဦး စုစုပေါင်း ၉၉ ဦး၊ Facility Quarantine စောင့်ကြည့်ရန်အတွက် ဧပြီ ၈ ရက်အထိ ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ ၁၃၂ ဦး၊ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ ၂၄၂ ဦး၊ စုစုပေါင်း ပြည်သူ ၃၇၄ ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

 

သတင်းစဉ်

ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး