နေပြည်တော် မေ ၇
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက် ပေးနိုင်ရေး ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူ များက ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိအခြေအနေအထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေ အနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် Home Stay သာနေကြရန်၊ မဖြစ်မနေ အရေးကြီးသော ကိစ္စရှိမှသာ အပြင်သို့ထွက်ခြင်း၊ ယာယီတာဝန်သွားခြင်းများ လုပ်ဆောင်ကြ ရန်လိုကြောင်း၊ ရောဂါကူးစက်မှု အန္တရာယ် ကြီးမားနိုင်သည့်အတွက် တပ်မတော်သားများသာမက တပ်တွင်း၊ တပ်ပြင်နေ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် အလုပ်ကိစ္စမရှိဘဲ အပြင်သို့ သွားလာခြင်း မပြုကြရန်နှင့် စည်းကမ်းထိန်းသိမ်း ကြရန် လိုကြောင်း၊ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အရေး ကြီးသည့် အတွက် ယခုထက်ပိုမို စစ်ဆေးနိုင်မည့် နည်းလမ်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံ များ၊ တပ်မတော် ပိုင်စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ် ချက်များအတိုင်း စစ်ဆေးမှုနှင့် စည်းကမ်း ထိန်းသိမ်းမှု များကို တိတိကျကျ စစ်ဆေးကြပ်မတ်လိုက်နာကြရန် လိုကြောင်း။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား နယ်စပ် ဂိတ်များတွင် လိုအပ်သော စစ်ဆေးမှု လုပ်ငန်း စဉ်များ ပြုလုပ်နိုင်ရန် အရေးကြီးကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့ အတွက် တာဝန်ပေးထားသည့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများအားလုံး ကိုလည်း စစ်ဆေးပေး ရမည်ဖြစ် ကြောင်း၊ ထပ်မံ၍ မှာကြား လိုသည်မှာ အခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်ရန် လိုအပ် ကြောင်း၊ တာဝန်ပေး၍ လုပ်ဆောင်သည် မဟုတ်ဘဲ လူတိုင်းလူတိုင်း တာဝန်သိသိဖြင့် လုပ်ဆောင် ကြရန် လိုကြောင်း မှာကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး