ရန်ကုန် ဩဂုတ် ၃
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသ တွင်း အဆင့်မြင့် ကင်းထောက် ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ (ASEAN Scout Association For Regional Cooperation - ASARC) ကို ဩဂုတ် ၂ ရက်က စင်ကာပူနိုင်ငံ စံတော်ချိန် နံနက် ၁၀ နာရီက ကျင်းပ ရာ (၁၃) ကြိမ်မြောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်း အဆင့်မြင့် ကင်းထောက်ခေါင်းဆောင် များ ထိပ်သီးဆွေးနွေးပွဲ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ ကင်းထောက် ချုပ် Mr . Antong Rahmat က အမှာ စကားပြောကြားပြီး တက်ရောက် ကြသည့် ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ကာလအတွင်း အာဆီယံ နိုင်ငံများမှ ကင်းထောက်အဖွဲ့ချုပ် များ၏ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေများ၊ ကင်းထောက် လှုပ်ရှားမှု အခြေအနေများကို ဆွေးနွေးကြသည်။
ထို့ပြင် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်နိုင် သေးသည့် အာဆီယံဒေသအတွင်း ပါဝင်သော လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ကင်းထောက်လှုပ်ရှားမှုများ စတင် လာနိုင်စေရန် အာဆီယံဒေသအတွင်း ကင်းထောက်အဖွဲ့ချုပ်များက ဝိုင်းဝန်း တိုက်တွန်းကူညီရေး၊ ASARC အဖွဲ့ဝင် နိုင်ငံများနှင့်ဆိုင်သော ငွေစာရင်း တစ်ခုကို ဒေသအတွင်းဖွင့်လှစ်ထားရှိ နိုင်ရေး၊ ASARC ဥက္ကဋ္ဌ၏ ဆုချီးမြှင့် နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများမှ ကင်းထောက်များ ရွေးချယ်တင်ပြ နိုင်ရေး၊ ထိုင်းနိုင်ငံတွင် ယခုနှစ် အတွင်း ပြုလုပ်ရန် လျာထားသည့် ASEAN Jamboree နှင့် Youth Forum ကျင်းပနိုင်ခြင်း ရှိ၊ မရှိ အခြေ အနေ သုံးသပ်ရှင်းလင်း ဆွေးနွေး ကြသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ ကင်းထောက်ကိုယ်စားလှယ် များ ကိုဗစ်-၁၉ ကာလအတွင်း ကင်းထောက်လှုပ်ရှားမှုများ စဉ်ဆက် မပြတ် လှုပ်ရှားဆောင်ရွက်မှု၊ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် များနှင့်အညီ ရောဂါကာကွယ်တားဆီး ရေးလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ၊ ထောက်ပံ့လှူဒါန်းခြင်း များကို ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့မှုများကို တင်ပြ ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ နိုင်ငံတကာဆိုင်ရာ၊ အစီအစဉ်ဆိုင်ရာ၊ သင်တန်းဆိုင်ရာ ကင်းထောက်မှူး ချုပ်များ၊ ညှိနှိုင်းရေးမှူးများက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာ ဝိုင်အမ်စီအေရုံးချုပ် အစည်းအဝေး ခန်းမတွင် Video Conferencing ဖြင့် ပါဝင်ဆွေးနွေးကြသည်။
မြန်မာ့အလင်း