Skip to main content

စားနပ်ရိက္ခာလုံခြုံမှုရှိသည့်နိုင်ငံတည်ဆောက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ လူဦးရေသည် အချိန်နှင့်အမျှ စဉ်ဆက်မပြတ်တိုးတက်နေသည်။ ၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်။ လူဦးရေတိုးတက်လာသည်နှင့်အတူ စားနပ်ရိက္ခာလိုအပ်မှုမှာလည်း လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ လူသားများနေ့စဉ်မဖြစ်မနေဖြေရှင်းနေရသည့် ပြဿနာများတွင် စားနပ်ရိက္ခာသည် အဓိကကျသောအရေးကိစ္စဖြစ်သည်။ ငွေရှိသော်လည်းစားနပ်ရိက္ခာမရှိလျှင် အဆိုပါငွေကြေးသည် မည်သို့မျှတန်ဖိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် စားနပ်ရိက္ခာသည် ပထမ၊ စားနပ်ရိက္ခာသည် ပဓာနကျသောကိစ္စဖြစ်သည်။

လူသားများအသက်ရှင်နေထိုင်ရပ်တည်နိုင်ရန်အတွက် စွမ်းအားကို အစားအသောက်အမျိုးမျိုးတို့မှရရှိသည်ဖြစ်၍ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ရှိရေးသည် လူသားအားလုံးအတွက် ဦးစားပေးဆောင်ရွက်ပေးရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူသုံးစွဲနိုင်လျှင် အဆိုပါနိုင်ငံကို စားနပ်ရိက္ခာပြည့်စုံကုံလုံသောနိုင်ငံဟု မှတ်ယူရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် စားနပ်ရိက္ခာဖူလုံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံရှိလူဦးရေပမာဏနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုမှာ လိုအပ်သည်ထက်ပိုမိုသည်။ အပိုအလျှံကို အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ ရောင်းချနိုင်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့်နိုင်ငံဖြစ်အောင် ဆက်လက်ကြိုးပမ်းရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ရုရှားနှင့် ယူကရိန်းသည် စားနပ်ရိက္ခာအများဆုံးထုတ်လုပ်နိုင်သည့် နိုင်ငံများဖြစ်သည်။ မျက်မှောက်ကာလတွင် ရုရှားနှင့် ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုကြောင့် စွမ်းအင်နှင့်ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်လာပြီး စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့နိုင်မှုတွင်လည်း ထိခိုက်မှုများရှိလာသည်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးနှုန်းသည် ၂၀၂၂ ခုနှစ်အတွင်း ၁၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ အထူးသဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဟင်းသီးဟင်းရွက်ဆီ၊ နို့နှင့်နို့ထွက်ပစ္စည်းနှင့် သကြားဈေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း သိရသည်။ ထို့ကြောင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာမှုသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံမှုကိုခြိမ်းခြောက်နေပြီး မဖွံ့ဖြိုးသည့်နိုင်ငံများကို အဓိကခြိမ်းခြောက်နေကြောင်း သတိပေးထားသည်။

ထိုသို့ ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုနှင့်ဈေးနှုန်းမြင့်တက်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် စားနပ်ရိက္ခာအစဉ်အဆက်ဖူလုံနေသော မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်ရန်ကြိုးပမ်းဆောင်ရွက်နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခုထုတ်ကုန်တစ်မျိုးဖြစ်အောင်အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်လျက် ပြည်ပသို့ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကမ္ဘာပေါ်တွင် လူသားများအတွက် အဓိကအကျဆုံးလိုအပ်ချက်သည် စား၊ ဝတ်၊ နေရေးဖြစ်သည်။ ကမ္ဘာ့လူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၆ ဘီလီယံကျော်၊ ၂၀၂၀ ပြည့်နှစ်တွင် ၇ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်အကုန်တွင် ၈ ဘီလီယံအထိရှိလာပြီး ၂၀၃၀ ပြည့်နှစ်တွင် ၉ ဘီလီယံကျော်ဖြစ်လာတော့မည်ဖြစ်ရာ စားနပ်ရိက္ခာလိုအပ်ချက်များ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ လူသားတို့၏ စားရေးနှင့်ဝတ်ရေးကို စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ အများဆုံးထောက်ပံ့ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီအနေအထားအရ ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံနှင့် မွေးမြူရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းသည့်နိုင်ငံဖြစ်သည်။ ထိုအခြေခံကောင်းများဖြင့် ထိရောက်စွာအသုံးချဖို့ လိုအပ်သည်။ ကမ္ဘာ့လူသားများ၏လိုအပ်ချက်များ ဆက်လက်မြင့်တက်နေမည်ဖြစ်၍ စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှု (Food Security) ပေးနိုင်သည့် နိုင်ငံဖြစ်လာအောင် နိုင်ငံအတွင်းဖြစ်ထွန်းနေသော အခြေခံကောင်းများကို ထိရောက်စွာအသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံအယ်ဒီတာ့အာဘော်