နေပြည်တော် ဩဂုတ် ၄
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် တွဲဖက်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions - APF) နှင့် High Level Dialogue (HLD) တစ်ရပ်ကို ဩဂုတ် ၃ ရက်မှ စတင်၍ Virtual Online Conferencing စနစ်အသုံးပြု၍ ကျင်းပလျက်ရှိသည်။
အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်ကို အာရှ-ပစိဖိတ်ဒေသတွင်းရှိ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်း (၂၅) ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် နည်းပညာနှင့် ကျွမ်းကျင်မှုတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် ဖိုရမ်တစ်ရပ်ဖြစ်သည်။
ကော်မရှင်နှင့် APF တို့အကြား High Level Dialogue ကို အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ထူးခြားသော လက္ခဏာရပ်များ၊ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုများ၊ ကော်မရှင်အဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ အစရှိသည်တို့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ဆွေးနွေး၍ ကော်မရှင်၏ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေး မြှင့်တင်ရေး၊ ပညာပေးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်မှ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ် သည်။
High Level Dialogue (HLD) သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်ဘက်မှ lead facilitator အဖြစ် APF NHRI Expert ဖြစ်သူ Ms. Rosslyn Joy Noonan နှင့် Principal Adviser of Capacity Assessments and International Engagement ဖြစ်သူ Ms. Pip Dargan၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် Ms. Karen Gomez-Dumpit တို့ ပါဝင်တက်ရောက်ကြသည်။
High Level Dialogue (HLD) တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေး၊ ပညာပေးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ချက်များ၊ ပါရီအခြေခံမူများ၊ ကော်မရှင်နှင့် အစိုးရအဖွဲ့အစည်းများ ထိတွေ့ဆက်သွယ် ဆောင်ရွက်မှုများ၊ ကော်မရှင်နှင့် ပြည်သူလူထု ထိတွေ့ဆောင်ရွက်မှုများ၊ ကော်မရှင်၏ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက် မှုများ၊ ကော်မရှင်၏ စွမ်းဆောင်ရည် ဆန်းစစ်မှု အကြံပြုချက်များနှင့် ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ စသည်တို့ကို အပြန်အလှန် ဆွေးနွေး ကြသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် APF တို့၏ High Level Dialogue ကို ဩဂုတ် (၆) ရက်အထိ ဆက်လက် ကျင်းပ သွားမည်ကြောင်း သိရသည်။
(သတင်းစဉ်)