Skip to main content

အားလုံးအတွက် တစ်ဦးချင်းကိုယ်စီလိုက်နာ

နိုင်ငံတော်နှင့် ပြည်သူအကြား ဆက်ဆံရေးသည် လွန်စွာအရေးကြီးသည်။ နိုင်ငံတော်သည် ပြည်သူအတွက်၊ ပြည်သူသည် နိုင်ငံတော်အတွက် ဖြစ်နေရမည်။ ထိုသို့ နိုင်ငံတော်နှင့်ပြည်သူ တစ်သားတည်းရှိပါမှ ထိုနိုင်ငံသည် ရှေ့သို့တိုးတက်၍ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်မည်ဖြစ်သည်။ နိုင်ငံ့အရေးအရာကိစ္စများတွင် နိုင်ငံတော်နှင့် ပြည်သူ ပေါင်းစည်း လက်တွဲခြင်းမရှိဘဲ သူ့အလုပ်သူလုပ်၊ သူ့သဘောအလျောက် သူနေကြပါလျှင် ရည်မှန်းရာပန်းတိုင်သို့ ရောက်တော့မည် မဟုတ်ပေ။

နိုင်ငံတော်ဆိုသည်မှာ ဦးဆောင်သောအစိုးရ၊ နိုင်ငံတွင် လည်ပတ် လှုပ်ရှားနေသော သက်ရှိလူသား ပြည်သူများ၊ ကိုင်တွယ်မောင်းနှင် နေကြသည့် သက်မဲ့ယန္တရားအားလုံး ပါဝင်ကြပါသည်။ နိုင်ငံတော်၏ ရှေ့ခရီးကို ဆက်သောအခါ နိုင်ငံတော်တွင်ပါဝင်ကြသည့် သက်ရှိသက်မဲ့ အားလုံး တက်ညီလက်ညီ အချိတ်အဆက်မိမိ လက်တွဲချိတ်ဆက်၍ လည်ပတ်ပါမှ လိုရာခရီးပန်းတိုင်ကို ချောမွေ့စွာရောက်ရှိ နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အားကိုးလောက်သည့် နိုင်ငံတော် ပေါ်ထွန်းဖို့၊ အားကိုးလောက်သည့် ပြည်သူများ ရှိဖို့ လိုအပ်ပါသည်ဟု အသိပေးပြောကြားထားသည်။

လက်ရှိ၌ ကိုဗစ်-၁၉ ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်တွင် နိုင်ငံအသီးသီးသည် ပုံစံအမျိုးမျိုးဖြင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေကြသည်။ မြန်မာနိုင်ငံသည်လည်း မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ နိုင်ငံများ၏ဖြစ်စဉ်ကိုကြည့်လျှင် နိုင်ငံကိုတပေါင်း တစည်းတည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းကြသောအခါ၌ ရောဂါကို လျော့ပါးသက်သာအောင် ထိန်းချုပ် ကိုင်တွယ်နိုင်ပြီး နိုင်ငံနှင့်ပြည်သူတပေါင်းတစည်းတည်း မရှိသောအခါ၌ ရောဂါဖြစ်ပွားမှုမှာလည်း ထကြွလာသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသာမက နိုင်ငံ့အရေးအရာကိစ္စများတွင် လည်း ဤသို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်သူသည်သာအဓိကဟူသည့် ယုံကြည်ချက် အပေါ် ခိုင်မာစွာရပ်တည်ကာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားလျက်ရှိသည်။ နိုင်ငံတော်သည် ပြည်သူကို တန်ဖိုးထားသကဲ့သို့ ပြည်သူ့အားကိုရယူကာ “တစ်ဦးအတွက် အားလုံး၊ အားလုံးအတွက် တစ်ဦး” ဟူသော ခံယူချက် စိတ်ဓာတ်တို့ကို တည်ဆောက်လျက် ကိုဗစ်-၁၉ ကပ်ရောဂါကိုသာမက စိန်ခေါ်မှု များစွာတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ကိုဗစ် - ၁၉ ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည်သူအားလုံးအတွက် ပြည်သူတစ်ဦးချင်း ကိုယ်စီကိုယ်စီ ဆောင်ရွက် ရမည့်အချက်များကို အသိပေးထားပြီးဖြစ်သည်။ လက်တွေ့လည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်သောကြောင့် နိုင်ငံအတွင်း ပြည်သူ အချင်းချင်း ရောဂါကူးစက်မှု မရှိသလောက်နည်းပါးပြီး ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းစာလျှင် ရောဂါဖြစ်ပွားနှုန်း နည်းပါးသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အရေးတယူ ဆောင်ရွက်ချက်တစ်ခုမှာ ပြည်ပသို့ရောက်ရှိနေသော ပြည်သူများ အမိနိုင်ငံသို့ ပြန်လာနိုင်ရေး ဖြစ်သည်။ ပြည်ပနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားနှုန်း မြင့်မားနေသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာသူများမှ တစ်ဆင့် ရောဂါမပြန့်ပွားစေရေးအတွက် အထူးဂရုစိုက် ပြင်ဆင်ဆောင်ရွက်ပေး နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်ကို ကာကွယ်ရာတွင် ပြည်ပရန်၊ ပြည်တွင်းရန်တို့ကို တွန်းလှန်ဖယ်ရှားရမည်ဖြစ်ရာ ပြည်တွင်း၌ လူအချင်းချင်း ရောဂါကူးစက်မှု မရှိစေရေးအတွက် တစ်ဦးချင်းကိုယ်စီ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်များကို မပျက်မကွက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူပြည်သားများ မွန်းကျပ်သည့်ဘဝများကို လျော့ပါးသက်သာ စေရေးအတွက် ဖြေလျှော့ပေးလျက် ရှိပြီး အချို့ကိစ္စများကိုသာ မဖြစ်သင့်သည်တို့ မဖြစ်လာစေရန်အတွက် တားမြစ်မှုများရှိခဲ့သည်။ ယင်းတို့ကို ပြည်သူတစ်ဦးချင်းအနေဖြင့် ပေါ့ပေါ့ဆဆ မပြုမူမိရန် လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်ပမှရောက်ရှိလာနိုင်သည့် အန္တရာယ်ကို အထူးဂရုစိုက် ကာကွယ် ပေးလျက်ရှိပြီး ပြည်သူများ အနေဖြင့် ပြည်တွင်း၌ ကူးစက်လာနိုင်မည့် အန္တရာယ်ကို ကာကွယ်နိုင်ကြမှသာ ဘေးအန္တရာယ်မှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူ တစ်သားတည်းရှိမှသာ ရှေ့ခရီးကိုချောမွေ့စွာ ဆက်လက်လျှောက်လှမ်း နိုင်ပြီး လိုရာခရီးပန်းတိုင်သို့ ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်သည်။ ယခုအခါတွင် ရောဂါဘေးအန္တရာယ်နှင့် ပတ်သက်၍ မလွတ်ကင်းသေးသည်ဖြစ်၍ ပြည်သူလူထု တစ်ဦးချင်းတစ်ဦး ချင်းက တစ်နိုင်ငံလုံး အားလုံးအတွက် ကာကွယ်မည်ဟူသောစိတ်ဓာတ်၊ အားလုံးက ပြည်သူတစ်ဦးချင်း တစ်ဦးချင်း အတွက် ကာကွယ်မည်ဟူသည့် စိတ်ဓာတ်များ မွေးမြူကြကာ နိုင်ငံအေးချမ်းသာယာ ဝပြောရေးကို ဝိုင်းဝန်း လက်တွဲကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ ။