မိသားစုတစ်စု ဘဝရပ်တည်နိုင်ရေးအတွက် အခြေခံကုန်ကျစရိတ်များဖြစ်သော စားဝတ်နေရေးစရိတ်သာမက လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေးစရိတ်များကိုလည်း ကျခံသုံးစွဲရပါသည်။ ထိုအသုံးစရိတ်များအား ကျခံသုံးစွဲနိုင်ရန် မိသားစုအတွက် ပုံမှန်သုံးစွဲသည့်အသုံးစရိတ်နှင့် လိုက်ဖက်ညီသည့်ပုံမှန်ဝင်ငွေရှိရန် လိုအပ်ပါသည်။ အကယ်၍ ထိုမိသားစုအနေဖြင့် ပုံမှန်ဝင်ငွေမရှိခဲ့ပါက ကုန်ကျစရိတ်များအတွက် မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းလေ့ရှိကြပါသနည်း။ ပုံမှန်ကျင့်သုံးသည့်နည်းလမ်းများမှာ အသုံး စရိတ်ကို ချွေတာသုံးစွဲခြင်း၊ ရင်းနှီးသူများထံမှ အတိုးမဲ့ သို့မဟုတ် အတိုးဖြင့်ချေးငှားခြင်း၊ မိသားစုပိုင်ပစ္စည်းအချို့ကို ထုခွဲရောင်းချခြင်း စသည့်နည်းလမ်းများဖြင့်သာ ဖြေရှင်းကြမည်ဖြစ်ပါသည်။
နိုင်ငံတော်အတွက် အသုံးစရိတ်များရရှိစေရန် ဆောင်ရွက်သည့်နည်းလမ်းများ
အလားတူပင် နိုင်ငံတော်အစိုးရ၌လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော လျှပ်စစ်မီး၊ လမ်းတံတားမှသည် ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံအဆောက်အအုံများ ခိုင်မာစေရေးအတွက် အသုံးပြုရသည့်ကုန်ကျစရိတ်များ၊ အစိုးရယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် သုံးစွဲရသည့် ကုန်ကျစရိတ်များ စသည့်ကျခံသုံးစွဲရသည့် အသုံးစရိတ်များရှိပါသည်။ အစိုးရတစ်ရပ်အနေဖြင့် ၎င်း၏အသုံးစရိတ်များကိုရရှိနိုင်ရန် အခွန်ကောက်ခံခြင်း၊ ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အခကြေးငွေဖြင့် ဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းများကိုအသုံးပြု၍ ၎င်း၏အသုံးစရိတ်များကို ရရှိနိုင်ရန် တစ်နည်းအားဖြင့် ပုံမှန်ဝင်ငွေရရှိနိုင်ရန် ဆောင်ရွက်ကြရပါသည်။ အကယ်၍ ဝင်ငွေထက်အသုံးစရိတ်ကပိုမိုနေပါက ငွေကြေးကို လိုအပ်သလောက် ထုတ်ဝေသုံးစွဲခြင်း၊ နိုင်ငံပိုင် သယံဇာတများရောင်းချခြင်း၊ ပြည်တွင်း/ ပြည်ပမှငွေချေးငှားခြင်း၊ အသုံး စရိတ်အား လျှော့ချခြင်း (ချွေတာသုံးစွဲခြင်း) စသည့်နည်းလမ်းများကို အသုံးပြုကြရပါသည်။
သို့ရာတွင် အဆိုပါဝင်ငွေပိုမိုရရှိစေရန် ဖြေရှင်းသည့်နည်းလမ်းအများစုမှာ လက်ငင်းအခြေအနေတွင် အဆင်ပြေစေနိုင်သော် လည်း အလုံးစုံမှန်ကန်သည့် နည်းလမ်းများဟု မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ငွေကြေးကို လိုအပ်သလောက် ထုတ်ဝေသုံးစွဲပါက ငွေဖောင်းပွမှု ဖြစ်ပေါ်ခြင်း၊ နိုင်ငံပိုင်သယံဇာတများ ရောင်းချခြင်းကြောင့် သယံဇာတပစ္စည်းများလျော့ပါးသွားခြင်း၊ ပြည်တွင်း/ ပြည်ပမှ ငွေချေး ငှားခြင်းကြောင့် အတိုးပေးငွေအတွက် ကုန်ကျစရိတ်ထပ်တိုးခြင်း၊ အသုံးစရိတ်အား ချွေတာသုံးစွဲခြင်းကြောင့် အများပြည်သူတို့အတွက် အသုံးအဆောင်များ (Public Facilities) ကို အားထားသုံးစွဲနေရသော ပုံသေ လစာရရှိသူများနှင့် အခြေခံလူတန်းစားများတွင် အခက်အခဲ များ ဖြစ်ပေါ်လာစေနိုင်ခြင်း စသည့်အကျိုးဆက်များကိုခံစား ကြရမည်ဖြစ်ပါသည်။
အခွန်ဆိုသည်မှာ ပြည်သူများ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်း
ကမ္ဘာ့နိုင်ငံအသီးသီးက အသုံးပြုလျက်ရှိသည့်အစိုးရအတွက်ဝင်ငွေရရှိစေရန် ဖြေရှင်းသည့် တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းမှာ အခွန်ကောက်ခံခြင်းပင်ဖြစ်ပါသည်။ အခွန်ကောက်ခံခြင်းဆိုသည်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန်လိုအပ်သော အသုံးစရိတ်များကို ပြည်သူများ ကိုယ်တိုင်ထည့်ဝင်သော နည်းလမ်းဖြစ်ပါသည်။ ပြည်သူထံမှ အခွန်အဖြစ်ကောက်ခံသော ငွေကြေးသည် အစိုးရဘတ်ဂျက်ထဲသို့ရောက်ရှိသွားပြီး အစိုးရကပြည်သူ့အကျိုးစီးပွားအတွက် ယင်းငွေကြေးအား ပြန်လည်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အခွန်ဆိုသည်မှာ ပြည်သူများပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းဟုလည်း ဆိုနိုင်ပါသည်။
ဘာကြောင့်အခွန်ကောက်ရသလဲ
အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များကို Revenue, Redistribution, Reprising and Representation (4R) ဟုလွယ်ကူစွာ မှတ်သားထားနိုင်ပါသည်-
- ပထမ R - Revenue ၏အဓိပ္ပာယ်မှာ နိုင်ငံတော်၏အသုံးစရိတ်အား ကာမိသည့် ဝင်ငွေရရှိစေရန် ဖြစ်ပါသည်။
- ဒုတိယ R – Redistribution မှာ ဆင်းရဲချမ်းသာကွာဟမှုကို ထိန်းညှိနိုင်ရန်ဟူသည့် အဓိပ္ပာယ် ဖြစ်ပါသည်။ (ဝင်ငွေများသူအား အခွန်နှုန်းအမြင့်ဖြင့် ကောက်ခံပြီး ဝင်ငွေနည်းသူအား အခွန်နှုန်းအနိမ့်ဖြင့် ကောက်ခံခြင်းကို ဆိုလိုပါသည်။) ပုဂ္ဂလိကတစ်ဦးချင်းအတွက် ဝင်ငွေခွန်နှုန်းထား ဇယားတွင် ဤသဘောသဘာဝအား တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
- တတိယ R – Reprising ၏ အဓိပ္ပာယ်မှာ ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်စေမည့် ကုန်စည်များအား အခွန်နှုန်းမြှင့်တင်၍ထိန်းညှိရန် ဖြစ်ပါသည်။ ဤသဘော သဘာဝကို အထူးကုန်စည် ခွန်နှုန်းထားများတွင် တွေ့ရှိနိုင်ပါသည်။
- နောက်ဆုံး R – Representation ၏ဆိုလိုရင်းမှာ နိုင်ငံသူ/နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။ အစိုးရအနေဖြင့် ပြည်သူတို့ပေးဆောင်ထားသည့် အခွန်ငွေကို ပြည်သူတစ် ရပ်လုံးနှင့်သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးအစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌ သုံးစွဲလျက်ရှိကြောင်း ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် လေ့လာ နိုင်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်အခြေအနေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံ၏ အခွန်အကောက် စနစ်တွင် အဆင့် (၃) ဆင့်ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်-
(က) ပြည်ထောင်စုအစိုးရက ကောက်ခံသည့်အခွန်အကောက်များ (၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝန်ကြီးဌာန (၈) ခုနှင့် နေပြည်တော်ကောင်စီတို့မှ အခွန်အကောက် (၂၂) မျိုးကို ကောက်ခံလျက်ရှိပါသည်။)၊
(ခ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၅) အရ (၁၉) မျိုး)၊
(ဂ) စည်ပင်သာယာရေးအဖွဲ့အစည်းများမှ ကောက်ခံသော အခွန်အခများ(ရေခွန်၊ အမှိုက်ခွန်၊ပစ္စည်းခွန် (Property Tax) စသည်ဖြင့်) ။
ပြည်ထောင်စုအစိုးရ၏ အခွန်အကောက် (၂၂) မျိုးအနက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနသည် အခွန် အကောက်စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ကောက်ခံလျက်ရှိပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ ပါဝင်မှုမှာ အခွန်အကောက်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
မြန်မာနိုင်ငံ၏အခွန်နှုန်းထားများကို အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ခြင်း
မြန်မာနိုင်ငံ၏အခွန်စနစ်ကို တစေ့တစောင်းအကဲခတ်နိုင်ရန် အဓိကအခွန်အမျိုးအစားများဖြစ်သော ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကို အာဆီယံနိုင်ငံများ၏ နှုန်းထားများဖြင့် နှိုင်းယှဉ်ကြည့်စေလိုပါသည်။ ထိုသို့ နှိုင်းယှဉ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားသည်အနိမ့်ဆုံးဖြစ်နေပြီး ဝင်ငွေခွန်နှုန်းထားမှာလည်း ပုံမှန်အဆင့်တွင်သာရှိနေကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏အခွန်နှင့် GDP အချိုးကို အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ခြင်းစင်စစ်အားဖြင့် နိုင်ငံတော်အနေဖြင့် အခွန်အကောက်မှ ရငွေများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်ကောက်ခံရရှိ လျက်ရှိပါသည်။ သို့ရာတွင် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) တွင် အခွန်အကောက်ပါဝင်မှု နည်းပါးနေခြင်းသည် မြန်မာနိုင်ငံ၏ အခွန်စနစ်သည် ထိရောက်မှုမရှိသေးကြောင်း ဖော်ညွှန်းလျက်ရှိနေပါသည်။ မြန်မာနိုင်ငံ၏ အခွန်နှင့် GDP အချိုးကို အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာလျော့နည်းလျက်ရှိနေကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။
အခွန်နှင့် GDP အချိုးနိမ့်ပါးနေခြင်းသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော်လည်း ရသင့်ရထိုက်သော အခွန်ငွေများကိုရရှိအောင် မဆောင်ရွက်နိုင်သေးခြင်း၊ ပြည်သူများ၏ တိုးမြင့်လာသောဝင်ငွေများအပေါ် ထိရောက်သော အခွန်ကောက်ခံနိုင်မှု မရှိသေးခြင်း၊ အစိုးရ၏ အသုံးစရိတ်များအတွက် အခွန် အကောက်ကဏ္ဍမှ လုံလောက်သော ဝင်ငွေရှာဖွေပေးနိုင်မှုမရှိခြင်း စသည့် တိုင်းပြည်၏ဘဏ္ဍာရေးမူဝါဒတွင် အရေးပါသောအခွန်စနစ်၏ အဓိက အားနည်းချက်များကြောင့် ဖြစ်ပါသည်။
ထိရောက်သည့်အခွန်စနစ်နှင့် အခွန်အကောက်များ၏ ဖွဲ့စည်းပါဝင်မှု
ထိရောက်သည့်အခွန်စနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် အခွန်အကောက်များ၏ ဖွဲ့စည်းပါဝင်မှု (Tax Structure) သည်လည်း အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ် ပါသည်။ အစိုးရ(၃)ဆင့်တွင် အဆင့်ဆင့် ကောက်ခံလျက်ရှိသော အခွန်အကောက်များ၏ ဖွဲ့စည်းပါဝင်မှုကို ပြန်လည် သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ပစ္စည်းခွန် (Property Tax) သည် စည်ပင်သာယာရေးအဖွဲ့အစည်းများ (မြူနီစီပယ်)မှ ကောက်ခံသော ဒေသဆိုင်ရာ အခွန် အကောက် (Local Taxation) တစ်မျိူးသာ ဖြစ်ပါ သည်။ သို့ရာတွင် အဆိုပါပစ္စည်းခွန် (Property Tax)သည် အခြားနိုင်ငံများတွင် GDP ၏ ၁ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းထိ ကောက်ခံရရှိသည့် အခွန်အမျိုးအစား တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အခွန်ရငွေပိုမိုရရှိစေ ရန်သာမက အိမ်၊ ခြံ၊ မြေ စသည့်ထုတ်လုပ်မှု ဖြစ်ထွန်း ပေါ်ပေါက်ခြင်း မရှိသော ငွေကြေးစီးဆင်းလည်ပတ်မှုများ (Non-Productive Circle)ကို ထိန်းသိမ်းနိုင်ရန် ပြန်လည် သုံးသပ်သင့်သော အခွန်အမျိုးအစားတစ်ရပ် ဖြစ်ပါသည်။
ထိရောက်သည့်အခွန်စနစ်နှင့် အခွန်မူဝါဒ
ထိရောက်သည့်အခွန်စနစ်ကောင်းတစ်ခု၏ အဓိကအကျဆုံးအခြေခံအချက်မှာ အခွန်မူဝါဒပိုင်း ဖြစ်ပါသည်။ အခွန်ကင်းလွတ်သက်သာခွင့်များ ခွင့်ပြုခြင်း၊ အခွန်နှုန်းထားများလျှော့ချခြင်း (ဥပမာ-စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေ) တို့သည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်၊ နိုင်ငံသားများအား အခွန်တာဝန်မကြီးလေးစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
သို့ရာတွင် အခွန်ဆိုသည်မှာ ပြည်သူများပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းဟုလည်း ဆိုနိုင်သည်ဖြစ်ရာ တစ်ဦးတစ်ယောက်အား အခွန်ကင်းလွတ်သက်သာခွင့်ပြုလိုက် ခြင်းသည် ပြည်သူများပိုင်ဆိုင်သည့် ဥစ္စာဓနကို ထိုတစ်ဦးတစ်ယောက်အား ပေးလိုက်သည့်သဘော ဖြစ်နေပါသည်။
ထို့ပြင် အခွန်ကင်းလွတ်သက်သာခွင့်များခွင့်ပြုခြင်း၊ အခွန်နှုန်းထားများ လျှော့ချခြင်းတို့သည် နိုင်ငံတော်တွင် ဘတ်ဂျက်လိုငွေပြမှုများ၏ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်လာစေ နိုင်ကြောင်းကိုလည်း ဖော်ပြပါပုံချပ်တွင် လေ့လာတွေ့ရှိနိုင်ပါသည်။
လှူဒါန်းမှုအားလက်ခံခြင်းနှင့် ဘဏ္ဍာရေးမူဝါဒ
ဘတ်ဂျက်လိုငွေကို အခွန်ငွေဖြင့် ဖြည့်တင်းနိုင် ရေး အခွန်မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရာ တွင် အခွန်ထမ်းများ၏ သဘော သဘာဝနှင့် နိုင်ငံ၏ အခွန်ယဉ်ကျေးမှုတို့ကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ် ရန်လိုအပ်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဆိုရှယ်လစ် စီးပွားရေးစနစ်တွင် ကာလရှည်ကြာ အခွန်ပေးဆောင်သည့် အလေ့အထနှင့် ကင်းကွာခဲ့သည်ဖြစ်ရာ အခွန်ထမ်းများ (အထူးသဖြင့် တိုင်းပြည်တွင် စီးပွားရေးကို ဦးဆောင် နေကြသည့် အသက်အရွယ်လူလတ်ပိုင်းများ)သည် မိမိတို့၏ အခွန်ယဉ်ကျေးမှု အခြေခံအတွေး အမြင်အရ အခွန်ပေးဆောင်ခြင်းထက် အလှူပေးခြင်းကို အားသန် နေကြ ကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
လှူဒါန်းမှုတစ်ရပ်သည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် မှန်ကန်စွာလှူဒါန်းခြင်းဖြစ်ပါက အစိုးရအသုံးစရိတ်အတွက် များစွာအထောက်အကူရရှိစေမည် ဖြစ်ပါသည်။ သို့ရာတွင် ထိုလှူဒါန်းမှုများ၏နောက်ကွယ်တွင် အခွန်လျော့နည်းသွားမှုအကျိုးဆက်လည်း ရှိနေပါသည်။ အကြောင်းမှာ အဆိုပါလှူဒါန်းသူ၏ဝင်ငွေမှ လှူဒါန်းငွေကို ဥပဒေနှင့်အညီ စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုပြီး အခွန်သက်သာခွင့်ကိုရရှိကြခြင်း ဖြစ်ပါသည်။
လှူဒါန်းမှုအား လက်ခံခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် သတိပြုရန်အချက်မှာ ဘဏ္ဍာရေးမူဝါဒကို မထိခိုက်စေရန်ဖြစ်ပါသည်။ ဥပမာအနေဖြင့် တိုင်းပြည်၏ဖွံ့ဖြိုးမှုစီမံကိန်းအရ မြို့နယ်တစ်ခုတွင် အမှန်လိုအပ်ချက်မှာ ဆေးရုံတည်ဆောက်ရန်ဖြစ်သော်လည်း လှူဒါန်းသူ (လုပ်ငန်းရှင်)ထံက မြို့တော် ခန်းမ တည်ဆောက်ခြင်းအတွက် အလှူငွေကို လက်ခံခြင်းအားဖြင့် ဆေးရုံတည်ဆောက်ရန် လိုအပ်သောအခွန်ငွေကို ဆုံးရှုံးစေခြင်းသည် ဘဏ္ဍာရေးမူဝါဒကို ထိခိုက်စေခြင်းပင်ဖြစ်ပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် ထိရောက်သည့်အခွန်စနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် MSDP နှင့်အညီ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်သည့်နည်းတူ တစ်ဖက်မှလည်း အခွန်အကောက်များ၏ ဖွဲ့စည်းပါဝင်မှုများအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ အခွန်ကို လျော့နည်းဆုံးရှုံးစေခြင်းနှင့် စပ်လျဉ်းသည့် အခွန်မူဝါဒပိုင်းဆိုင်ရာ လိုအပ်ချက်များကို သုံးသပ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်တွင် ထိရောက်သည့် အခွန်စနစ်ကောင်းတစ်ခု အမြန်ဆုံးပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ။
အဘိရူပ